အရင်ဆုံး ပွဲစားမှတဆင့် ပတ်(စ်)ပုတ် လုပ်ရန်အတွက် ငွေခြောက်သောင်းပေးလိုက်ရသည်။ ပွဲစားနှင့်သူကိုယ်တိုင်ပါရန်ကုန်သို့တစ်ခေါက် လိုက်သွားရသည်။ သူ့လိုမျက်စိသူငယ်၊ နားသူငယ်နှင့် ရန်ကုန် ပတ်(စ်)ပုတ်ရုံးတွင် ပွဲစားဟူသော ကျားကြီးများ၏ဦးဆောင်မှုအောက်မှ ယုန်သူငယ်အလားရုံးရုံးဖြစ်နေကြသည်။ မီးရထားတွဲကြီးလို ပွဲစားသွားလေရာနောက်တစ်ကောက်ကောက်လိုက်နေကြသည်။ အနှီမောင် မင်းကြီးသား ကိုပွဲစားမှာကား နောက်လိုက်နောက်ပါရံရွေတော်များဝန်းရံခံစားနေသည့် ပြည့်ရှင်မင်းတရားကယ်တင်ရှင်ကြီးအလား ရင်တကော့ကော့၊ ခေါင်းတထောင်ထောင်ဖြစ်နေသည်။
ဟိုမှာနေ၊ သည်ကိုလာ၊ သည်လိုလုပ်အစရှိသဖြင့် စီစဉ်ညွှန်ကြားနေရသည့် သူ့ခမျာလည်း မသက်သာလှပါ။ မြန်မာလူမျိုးများကိုမြန်မာဘာသာဖြင့်အော်ဟစ်ပြောဆိုညွှန်ကြားနေသော်ငြား အမိန့်တည်းဟူသော စကားလုံးကို စာအားဖြင့်သော်မှ မကြားဘူးရှာကြသည့် တောသားတစ်စုမှ မျက်စိအကြောင်သားဖြင့် ပြူးငိုင်ငိုင်ပြန်ကြည့်နေမြဲဖြစ် သောကြာင့် အနည်းဆုံးနှစ်ခွန်းလောက်အော်မှ နားပေါက်ရှာကြလေသည်။ ထိုကဲ့သို့ အော်သံ၊ ခေါ်သံ၊ မြည်သံ၊ တွန်သံများပွက်ပွက်ညံလျက်ရှိသော ထိုကဲ့သို့သုံးနေရာလောက်ကို ရင်ဆိုင်ပြီးသကာလ သူ့အတွက် လယ်သုံးကွက်ကိုသာ တပြိုင်နက်ထွန်ချင်စိတ်ပေါက်ပြီး သည်လိုနေရာမျိုးကို နောက်ထက်မလာချင်လောက်အောင်စိတ်ကုန်သွားလေ တော့သတည်း။ သို့သော်ပြောင်လက်တောက်ပသော အနာဂတ်ကိုစိတ်ကူးယဉ်ပြီး ကုန်ခမ်းသွားသော အားအင်များကို ဖြည့်တင်းရလေ သည်။ သူ့အိပ်မက်ထဲတွင် သူသည် လယ်ကွက်အများကြီးပိုင်ဆိုင်သောသူကြွယ်ကြီးဖြစ်နေပေအံ့။ သူ၏ မဟေသီဒေ၀ီထိတ်ထား၏ ချေးလက်လေးသစ်တက်နေသော မည်းကျုတ်ကျုတ်လည်ပင်းပေါ်တွင် အုန်းဆုံကြိုးနီးနီး ဆွဲကြိုးကြီးမှာ ငါသည်သူဌေးမယားတည်း ဟူသောမာန်ကိုဖြစ်စေ၍ လှုပ်လှုပ်၊ လှုပ်လှုပ်ဖြစ်နေလေတော့အံ့။ ငညို၊ ငနီ နှင့် မလှ တည်းဟူသော သားသမီးသုံးယောက်မှာ ပတ်ဝန်းကျင်ရှိ ငဆွေး၊ ငပွေး၊ ငသန်း၊ ငလုံးစသော တေဖော်တေဖက်ကလေးများအပေါ်တွင် သူဌေးသားဟူသောမာနဖြင့် တင်တင်စီးစီးပြော ဆိုပေတော့အံ့။ ထိုအခါတွင်လက်မြန်ခြေမြန်ရှိသော ငညိုနှင့် ကလေးဗိုလ်ဖြစ်သော မိသန်းကြည်တို့သည်မကြာမီကာလ၌ရန်သတ်ကြ တော့အံ့။ ဒင်းကလေးတွေ၏ အရွယ်နှင့်မလိုက်အောင်ရုတ်ရင်းကြမ်းတမ်းသော ဆဲဆိုသံတို့သည် တရေးတမောအိပ်စက်နေသော မိမိ၏ စည်းစိမ်ကိုရန်ရှာလေသောကြောင့် အနီးရှိ ထမ်းပိုးကို စကြာပုံလည်စေ၍ ကလေးများရှိရာသို့ပစ်လိုက်တော့အံ့ဟု စိတ်ကူးယဉ်ရင်း လက်ကို ဝှေ့ယမ်းလိုက်မိလေတော့သတည်း
Monday, October 27, 2008
တောမီးလောင် တောကြောင်လက်ခမောင်းခတ် (၂)
Subscribe to:
Post Comments (Atom)
1 comment:
ကိုတောသားကလဲ .. အခုထိ ရန်ကုန် Passport ရုံးမှာပဲ သောင်တင်နေသေးတယ် .. စင်ကာပူခေါ်လိုက်တော့ .. :)))
Post a Comment