

သြော် .. သင်းတောင်ပြန်ရောက်မှကိုး ... လေသံကြားကတည်းက မကောင်းမှုတစ်ခုခု လုပ်တော့မယ်ဆိုတာသိလိုက်ပါ့ ... “ဟေ့.. ငါမနက်ဖြန်လာခဲ့မယ် .. ဟိုကောင်တွေ လည်းခေါ်ထားတယ် .. ငါဆက်ဆက်လာခဲ့မယ်နော့်..” “အေး .. အေး .. လာခဲ့ပေါ့လကွာ .. တွေ့ကြတာပေါ့ ..”နှစ်ကောင်အရင်ရောက်လာသောအချိန်တွင် ကျွန်တော်အိပ်ပျော်နေသည်။ အိပ်ယာမှ အတင်းလူးလဲထ .. လာကြ.. လာကြ .. ငါ့ကောင်တွေ .. လိမ္မော်သီးတစ်လုံးကို အခွံခွာ ပြီးဝေကျွေးတော့လည်း တစ်ခွန်းမှမငြင်းဘဲ စားလိုက်ကြသည်။ သြော် ..အားနာစရာ .. ဟန်ဆောင်စရာမလိုသော သူငယ်ချင်းဘ၀၏ ရိုးသားမှုကို လိမ္မော်သီးတစ်လုံးမှာတွေ့လိုက်ရ ... အစိတ်အပိုင်းမှန်သမျှအကုန်“လုံး”နေသော သူငယ်ချင်းတစ်ယောက်က ဆိုဖာပေါ်တွင်ခြေပစ်လက်ပစ်ထိုင်ရင်း ရသမျှအချိန်ကို အကျိုးရှိရှိယူနေသလို ခေါင်းစုတ်ဖွားနှင့် တကာရှင် အညာသားမှာ လုပ်ရလတ္တံသော သုရာမေရာရကံ ကျုးလွန်ပွဲအတွက် စိတ်အားထက်သန်နေပုံရသည် ...
လာကြဟေ့ .. ဒို့တိုက်အောက်ဆင်းကြစို့ .. ဟိုကောင်လည်းလာနေပြီ .. ဆင်းပြီးစောင့်ကြစို့ရဲ့ ... ဒီနေရာပဲကွာ .. နေရာက ဘယ်လောက်မိုက်လိုက်သလဲ .. မင်းဒီကစောင့်နေနော် .. ငါတို့သွားပြီး ဈေးနည်းနည်းဝယ်လိုက်ဦးမကွ .. “၀”လုံး ကောင်ကို အစောင့်ထားခဲ့ပြီး ဒို့တွေဈေးသွား .. အိမ်အတွက် ၀က်သား တစ်ဆယ်သားလောက် ၀ယ်ဖို့ လက်တွန့်တဲ့ဒို့ယောင်္ကျားတွေ ဒီလိုကိစ္စမှာ ရက်ရောကြတာ ဘာကြောင့်ပါလိမ့် ... တီ .. တီ .. တီ ... ဖုန်းလာပြန်ပြီ ... သြော် .. မင်းတောင်ရောက်နေပြီလား ... အိုကေမန်း .. အဲဒီမှာ ရှိတယ် .. အဲဒီကိုသွားနှင့် .. ငါတို့ တော်တော်ကြာပြန်လာတော့မယ် .. အိုကေ .. အိုကေ ..
မှောင်စပျိုးလာပြီ .. ပတ်ဝန်းကျင်မှ လူတွေလည်းအသီးသီးအိမ်ပြန်ကြပြီ .. ကိုယ်ပိုင်ဘ၀နှင့် လုပ်စရာတွေအများကြီးရှိနေတဲ့ လူ့ငချွတ်ကလေးများ၏ မျက်လုံးများက ရီဝေလာကြပြီ .. အသွင်မတူသော ခံစားချက်များက စကားလုံးများအဖြစ်သွေးကြောများထဲ တွင်အစီအရီလှည့်ပတ်လျက်ရှိနေလေပြီ ... ရာသီဥတုဒါဏ်ခံထားရသော သစ်ငုတ်လိုပုံမှ တိုက်ပွဲတစ်ရာအောင်မြင်ထားသော စစ်သူကြီးတစ်ယောက်လို ကိုယ်ဟန်များက ထိုးထိုးထောင်ထောင်ဖြစ်လာကြသည် ... မိမိတို့ကိုယ်ကို အင်မတန်ကြီးကျယ်သူများအဖြစ် အထင်အမြင်ကြီးပြီး ကျန်သူများအား အထင်အမြင် သေးစိတ်များအဆမတန်ဖြစ်ပေါ်လာသည်။ အင်မတန်လေးနက်သော မျက်နှာထားများဖြင့် စကားလုံးတစ်လုံးချင်းစီကို စီစစ်ပြီး သေသေချာချာပြောဆိုကြသည်.. ထိုသူ၏စကားမဆုံးခင်မှာပဲ နားထောင်နေသူများက ပြန်လည်ကန့်ကွက်စကားဆိုရန် ပြင်ဆင်ပြီးဖြစ်နေသည် ...
ညဥ့်သည် တဖြည်းဖြည်းနက်လာသည် ... ပိန်ရှည်ရှည်တစ်ကောင်က ရုတ်တရက်ထအန်ရင်း နှုတ်ဆက်စကားဆိုသည် .. ငါပြန်တော့မယ်ကွာ .. ကားမမှီဘဲနေတော့မယ် .. အေး.. အေး .. ပြန်ပါကွာ .. ၀ရုန်းသုံးကားဖြင့် အရက်မူးပြီးပြန်တော့မည့်တစ်ယောက်ကို သူရဲကောင်းတစ်ယောက်သဖွယ် ဖက်ရမ်းနှုတ် ဆက်ရင်း ဘယ်လောက်အထိရင်းနှီးကြောင်းကိုပြသည် ...
ပု၀၀ တစ်ကောင်က ငါက Network king ဟုစကားအဆက်မရှိဘဲထပြောသည်.. ခေါင်းစုတ်ဖွားနှင့် အညာသားက တခစ်ခစ်ရယ်ရင်း ကျိန်ဆဲသည်.. ရှပ်လက်ရှည်ဝတ်ထားသော တစ်ယောက်က စက်ဆုတ်စွာကြည့်ရင်း လူချစ်လူခင်များအောင်နေဖို့ သတိပေးသည် .. ပုအိုင့်အိုင့်ငနဲက သူ့အဆိုကို ဘယ်လိုနည်းနဲ့မှရုတ်သိမ်းမည်မဟုတ် ကြောင်းကို မျက်နှာထားဖြင့် သက်သေပြသည် ... အညာသားမှ ပုဂံပြည်ကြီး တိုးတက် အောင်လုပ်ချင်ကြောင်း၊ နည်းလမ်းကောင်းရှိကြောင်းကို Chivas အားကိုးဖြင့်အော်သည်။ ပြီးမှ သူ၏အင်မတန်ခမ်းနားကြီးကျယ်သော အကြံအစည်ကို ပြန်လန့်သွားသည့်အနေဖြင့် အိုးတိုးအမ်းတန်းဖြစ်နေသည် ... ဗိုက်ရွှဲရွှဲနှင့် ငနဲက အင်မတန်တည်ကြည်လေးနက်သော လေသံဖြင့် ဆန္နမစောဖို့ပြောသည်။ သူကိုယ်တိုင်တောင်နားမလည်သော ဒဿနဆန်ဆန်စကားလုံးများကိုပြောသည်.. ငါတို့တွေမှာ ပိုက်ဆံရှိဖို့လိုတယ်ကွ ... ရှပ်ဆရာက စိတ်မကောင်းသောလေသံဖြင့် ပြောသည်။ သူ့ကို ကြည့်ရသည်မှာ ရှိရင်းအသက်ထက် မခန့်မှန်းနိုင်အောင်ပိုရင့်သွားသည် ထင်ရသည် ... ထပ်ပြောသည် ... ငါ့သူငယ်ချင်းတွေ ပိုက်ဆံလိုအပ်တိုင်းငါမချေးနိုင်တာ ၀မ်းနည်းလို့ မဆုံးဘူးဟုပြောသည်။ မျက်ရည်ဝိုင်း နေသောသူ့မျက်လုံးက ပျောက်နေသော မြော်လင့်ချက်ကိုရှာနေသလိုထင်ရသည်။
သူတို့၏စကားသံများသည် တိတ်ဆိတ်သောပတ်ဝန်းကျင်တွင် တိုးလိုက်ကျယ်လိုက်ဖြင့် မည်းနက်နေသောသစ်ပင်ချုံပုတ်များကြားတွင် ပျောက်ကွယ်သွားသည်။ ညဥ့်နက်လာသည်နှင့်အမျှ သူတို့၏စကားသံ လည်းတဖြည်းဖြည်းတိုးလာသည်။ အင်မတန်ခမ်းနားကြီးကျယ်သော သူတို့ကိုယ်သူတို့လည်းစတင်မုန်းတီးလာကြသည်။ ပြေစရာစကားရှားပါးလာသည်နှင့်အမျှ ယခုလောလောဆယ်ရပ်တည်နေရသော သူတို့၏စားဝတ်နေရေးမခိုင်မာပုံတို့ကို သတိရရင်းထိတ်လန့်လာကြသည်.. မနက်ဖြန်တွင် လုပ်ရမည့်အလုပ်ဇယားများ တန်းစီဝင်လာကြသည် ... ကြီးကျယ်မြင့်မြတ် သည်ဟုထင်ခဲ့သော သူတို့ဘ၀များ၏ နုံချာပုံက ကွက်ကွက်ကွင်းကွင်းပေါ်လာကြသည်။
နောက်ဆုံးတွင် သူတို့သည် တစ်ယောက်လက်ကို တစ်ယောက်တင်းတင်းဆုပ်ကိုင်ကြပြီး အမှောင်ထုအတွင်းသို့ တိတ်တဆိတ်ဝင်ရောက်ပျောက်ကွယ်သွားလေတော့သတည်း။
Tuesday, October 28, 2008
အရက်သောက်သူများအကြောင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment