Wednesday, October 29, 2008

လမ်းလျှောက်သူများ ...

အဆက်မပြတ်မြည်တွန်နေသည့် စူးရှသောနှိုးစက်သံကြောင့် မျက်လုံးကိုရုတ်တရက်ဖွင့်လိုက်မိသည်။ ထနေကြအချိန်ဖြစ်သော်လည်း ဘယ်တော့မှကျင့်သားမရနိုင်သည့် ကျွန်ုပ်အားနည်းချက်ကြောင့် ကိုယ်ခန္ဓာနှင့် အိပ်ယာကိုဆွဲခွာရသည့်အလုပ်သည် အင်မတန်မှ စပ်ဆုတ်စရာကောင်းလှသည်။ မျက်နှာသုတ်ပ၀ါကို ဒရွတ်တိုက်ဆွဲပြီး ယိုင်တိယိုင်ထိုးဖြင့် ရေးချိုးခန်းထဲဝင်၊ မျက်နှာသစ်သွားတိုက်ခြင်း အလုပ်ကိုလုပ်ရလေသည်။ ရေချိုးခန်းထဲမှထွက်ပြီးအပြင်လောကကိုလှမ်းကြည့်လိုက်တော့ လမ်းမပေါ်တွင်ပုရွက်ဆိတ်ကလေးများ သဖွယ် လှုပ်လှုပ်ရွရွဖြင့်သွားနေကြသော ကြီးကြီးငယ်ငယ်ပုပု၀၀ များကိုတွေ့နေရလေပြီ။
သူတို့အားလုံး၏ဦးတည်ရာအရပ်သည်ကား ဘူတာရုံ ဖြစ်တော့သတည်း။ မကြာမီကျွန်ုပ်ကိုယ်တိုင်လည်း အဆိုပါလူအုပ်ကြီးနှင့်ရောနှော ခြေဆန့်ရလတ္တံ။
ငိုက်စိုက်ကျနေသောခေါင်းများသည် အရှိန်အနည်းငယ်ပိုမြန်စေခြင်းငှာ ရှေ့သို့ခပ်ငိုက်ငိုက်ဖြစ်နေကြ၏။ ဘူတာရုံသို့မြန်နိုင် သမျှမြန်မြန်ရောက်ရှိစေခြင်းငှာ စိတ်စွမ်းအင်ကိုပါအသုံးပြုလျက် ခြေထောက်တည်းဟူသောကိုယ်ပိုင်ယာဉ်ကို နှင်နေကြလေသည်။ သခင်၏အလိုကိုသိသောခြေထောက်များသည် ခွပ်ခွပ်ဟူသောအသံကိုမြည်စေလျက် မပြေးရုံတမယ်ဦးတည်ရာအရပ်သို့ခရီးပြင်းနှင် လျက်ရှိနေကြကုန်၏။ ခြေထောက်ပိုင်ရှင်များ၏မျက်နှာထားများသည်လည်း ဘူတာရုံသို့ မြန်မြန်ရောက်ရေးဟူသော ကသိုဏ်းကို စီးဖြန်းဆင်ခြင်၍ အင်မတန်တည်ကြည်လေးနက်သောအသွင်ကိုဆောင်လျက်ရှိသည်။ ကားသံများမှလွဲ၍ တိတ်ဆိတ်နေသောပတ်ဝန်း ကျင်တစ်ခုလုံးတွင် ခြေသံများသည် တဖျပ်ဖျပ်၊ တခွပ်ခွပ်ဖြင့် ဆူညံရှုပ်ထွေးနေကြသည်။ ဝေမာနိကပြိတ္တာဘုံလို ညစံပြီးနေ့ခံ ရမည့် ဆုံရပ်ဆီသို့ တူညီသောအတွေးများဖြင့် ရွေ့လျားချီတက်နေသလို ပြောစရာစကားမရှိသည့်အလား နှုတ်ဆိတ်နေကြသည်။
တစ်ချို့ကခြေလှမ်းစိပ်စိပ်ဖြင့် မြန်မြန်လှမ်းကြသည်။ ထိုအခါတွင် သူတို့၏ခါးအထက်ပိုင်းမှကိုယ်ခန္ဓာများသည် ခြေလှမ်းအလိုက်သိမ့်သိမ့် ခါနေကြသည်။ တစ်ချို့က ခြေလှမ်းကျဲကျဲဖြင့် စွေ့ကနဲ၊ စွေ့ကနဲနေအောင် လှမ်းကြသည်။ မည်သို့ပင်လှမ်းလှမ်းတူညီသော အမြန်နှုန်းများ ဖြင့်ချီတက်နေကြသောကြောင့် တစ်ယောက်ကိုတစ်ယောက် ဖြတ်ကျော်ရန်ခဲယဉ်းလှသည်။ လူ့အာဂတချို့မှာကျော်တက် အံ့ဟူသော ရည်ရွယ်ချက်ဖြင့် ခြေလှမ်းနှုန်းကိုတင်လိုက်သော်လည်း ရှေ့မှတစ်ယောက်ကအကြံကိုရိပ်မိသွားဟန်ဖြင့် ထို့ထက်မြန်အောင် အရှိန်တင်လိုက်သောကြောင့် ပြေးမှသာလျှင်ကျော်တက်နိုင်ပေတော့မည်။ တစ်ချို့စံချိန်ရှင်တစ်ချို့မှာတစ်ယောက်ပြီးတစ်ယောက် ကျော်ဖြတ်လာနိုင်သော်လည်း မီးပွိုင့်သို့ရောက်လျှင် နောက်မှလိုက်လာသူများနှင့် အတူတူဖြစ်သွားတတ်သဖြင့် မီးပွိုင့်လွတ်အောင်ရှောင် ရေးဟူသောတာဝန်ကိုပါ ယူထားရသောကြောင့် သာမာန်ထက်အလောတကြီးဖြစ်နေတတ်ကြသည်။
ထူးခြားချက်မှာ လူအားလုံး၏မျက်နှာများမှာမူ စက်တစ်ခုထဲမှရိုက်ထုတ်လိုက်သော ရုပ်ရှင်ကြော်ငြာစာရွက်ကဲ့သို့တသွင်တည်း၊ တစ်ပုံစံတည်းဖြစ်နေကြခြင်းပင်။ မျက်လုံးများသည် ရှေ့တည့်တည့်ကြည့်ခြင်းမရှိဘဲ ရှေ့မှလူ၏ ခြေသလုံးကိုသော်လည်းကောင်း၊ ကျောပြင်ကိုလည်းကောင်း ဦးတည်လျက်အိပ်မွေ့ချခံထားရသူလို ကြောင်တောင်တောင်ဖြစ်နေကြသည်။ ခံစားချက်ကင်းမဲ့နေသော မျက်နှာများသည် ခြယ်သထားသောအကောင်းစားမိတ်ကပ်များကြောင့် အလှပြထားသော အရုပ်လိုဆွဲဆောင်မှုကင်းမဲ့နေသည်။ ဤသူများသည် တိုးတက်နေပါသည်ဆိုသော မြို့ပြလက္ခဏာ၏ပြယုဂ်များဖြစ်သည်။ အရှိန်ကြီမားစွာ လည်ပတ်နေသောစီးပွားရေးစနစ်၏ ခွေးသွားစိတ်ကလေးများဖြစ်ကြသည်။ အရှိန်တစ်ခုတည်းသို့ပူးပေါင်းပါဝင်လာသော ဒြပ်ဝတ္တုတစ်ခုသည် ထိုအရှိန်နှင့်တစ်ပေါင်း တစ်စည်းတည်းဖြစ်သွားသကဲ့သို့ အရှိန်ပြင်းစွာလည်ပတ်ခုတ်မောင်းနေသော စနစ်ကြီးတစ်ခုထဲတွင်နေသားကျနေကြသည်။ သူတို့ကိုသူတို့ အရှိန်နှင့်တပါတည်းလိုက်ပါလည်ပတ်နေရသည်ဟုမထင်ကြတော့။ အရှိန်အဟုန်ထဲမှထွက်ဖို့ကြိုးစားသူများ၏ ဘ၀မရေမရာဖြစ်မှုကို သူတို့ကိုယ်တိုင်လည်းတွေ့ကြုံဖူးကြသည်။ ထို့ကြောင့်သူတို့ကိုယ်တိုင်နေသားကျနေသော စနစ်ထဲမှလွတ်မြောက်ဖို့ စိုးစဉ်းမျှမတွေးကြ။ တွေးစရာလည်းမလိုဟု ယူဆထားကြသည်။ သူတို့၏အဘိုး၊ အဘွားမှစ အဖေ၊ အမေ ကိုယ်တိုင် ဒီလမ်းအတိုင်းလျှောက်ခဲ့ကြရသည်။ ယခုလည်းမိမိတို့ကိုယ်တိုင်ဒီလမ်းကိုလျှောက်နေသည်။ ဒီလိုနှင့်သူတို့သည်မနက်ခင်းပေါင်းများစွာ ကိုဘူတာရုံကိုလမ်းလျှောက်ခြင်းဖြင့်စတင်ခဲ့ကြသည်။ ဘူတာရုံမှတဆင့်လုပ်ငန်းခွင်အသီးသီးသို့ဝင်ကြရသည်။ ဤသို့ဖြင့် ပစုပ္ပန်သည် မကြာခင်အတိတ်ဖြစ်၍ အနာဂတ်သည်မိမိတို့ဆီကို ရောက်လာကြလိမ့်မည်။ ကာလသုံးပါးစလုံးကို အကြင်သူတို့သည်တိတ်ဆိတ်စွာဖြင့် အပြောင်းအလဲမရှိကျော်ဖြတ်ဖို့ကြိုးစားကြလိမ့်မည်။ ဒီလိုနှင့်သူတို့၏ နေ၀င်ချိန်ရောက်လာပါတော့မည်။ သူတို့၏ခြေလှမ်းများသည် မြန်ရာမှနှေးလာပေတော့မည်။ ကျော်တက်ဖို့ကြိုးစားသူများကိုလည်း နားလည်ခွင့်လွှတ်စွာဖြင့် ဦးစားပေးတတ်လာလိမ့်မည်။ တစ်သက်လုံးလျှောက်သော်လည်းဘယ်တော့မှဆုံးမည့် လမ်းမဟုတ်ကြောင်းသိလာရသူအဖို့ အဘယ်မှာလျှင်အမြန်လိုစရာ ရှိတော့အံ့နည်း။ မိမိတို့ကိုယ်တိုင်လုံးဝမလျှောက်နိုင်တော့သောအချိန်တွင်လည်း လမ်းလျှောက်သူများရှိနေဦးမည်သာတည်း။ ထိုသူများ ကိုယ်တိုင်လမ်းပေါင်းများစွာကို တစ်ကိုယ်ရည်လျှောက်လှမ်းပေရအံ့။ ထိုလမ်းများသည် ဘယ်တော့မှဆုံးမည့်လမ်းမဟုတ်ကြောင်းကို တစ်ချိန်ချိန်တွင် သိလာကြပေအံ့။ ထိုကဲ့သို့သိလာချိန်တွင် အရာရာသည်ပြင်ဆင်ဖို့နောက်ကျသွားပြီဖြစ်ကြောင်းသိလာကြပေအံ့။

(ဘူတာသို့အသွား ပေါ်လာသောရောက်တတ်ရာရာစိတ်ကူးအတွေးများကို စာလုံးအဖြစ်ပြောင်းထားခြင်းဖြစ်ပါကြောင်း)

1 comment:

မသက်ဇင် said...

ကိုမုတ်ဆိုး----
ရိုးရိုးစကားပြေ မဟုတ်ပါဘူး-- ဒဿနတွေ
နဲ့ ဖွဲ့စည်းထားတဲ့ စကားပြေပါ----
စိတ်ဝင်စားစရာကောင်းသလို---
ကိုယ်ပြောလိုတဲ့ အကြောင်းအရာတွေကို
"လမ်းလျှောက်သူများ ..." ထဲမှာ ပါးပါး
လေးပေးပြီး အတွေးကျန်စေခဲ့ပါတယ်---
ဆက်ရေးပါရှင်--အားပေးနေပါတယ်---

နောက်တခု အကြံပေးချင်ပါတယ်-
ပိုစ့်တင်ရင်--စာကြောင်းတွေကို ညီ အောင်
လုပ်ရင် ပိုဖတ်လို့ ကောင်း မယ်နဲ့တူ ပါ တယ်-----