Friday, October 10, 2008

တောမီးလောင်၊ တောကြောင်လက်ခမောင်းခတ် (၁)...

“ကျွန်တော် အင်္ဂလိပ်လိုတစ်လုံးမှနားမလည်ဘူး.. ရေးလည်းမရေးတတ်ဘူး.. ဘယ်လိုလုပ်ရမလဲဗျာ..”
ညှိုးငယ်သောမျက်နှာနှင့် အားကိုးတစ်ကြီးပြောလိုက်သူက လွန်ခဲ့သော သုံးရက်ခန့်မှ ကျွန်တော်အလုပ်လုပ်နေသော ကုမ္ပဏီသို့ရောက်လာသော လူများထဲမှ လူသစ်တစ်ယောက်ဖြစ်သည်။ ရာသီဥတုဒါဏ်ကိုခံထားရသော သစ်ပင်တစ်ပင်လို ရင့်ရော်ကြမ်းတမ်းလှသည့် သူ့သွင်ပြင်က မျက်နှာပေါ်တွင်ထင်းထင်းကြီးပေါ်နေသော ရိုးသားဖြူစင်မှုကိုတော့ ဖုံးကွယ်မထားနိုင်ချေ။ အညာပိုင်းမြေလတ်ဒေသလေးတစ်ခုမှ စင်္ကာပူသို့အလုပ်လုပ်ကိုင်ခွင့်ရရန် လျှောက်လှမ်းရသော အားထုတ်မှုလမ်းကြောင်းရှည်ကြီးသည် သူ့အတွက်မဟာစွန့်စားခန်းကြီးတစ်ခု။ သာမာန်တောင်သူတစ်ယောက်အဖို့ အရာရာသည်အသစ်အဆန်းနှင့် အခက်အခဲများစွာတည်း။
သူ၏ရိုးတာတာနိုင်လှသော ဘ၀ကွက်ကွက်ထဲမှ အပြင်လောကကို ထွက်ကြည့်ဖို့မည်သည့်အခါကမှ စိတ်ကူးမရှိခဲ့။ ဘယ်တော့မှလည်းပြောင်းလဲလိမ့်မည်မထင်ခဲ့။ သူသိသည်မှာ မိရိုးဖလာစပါးစိုက်ခြင်းနှင့် ရှေးလူကြီးသူမများနေထိုင်သွားခဲ့သည့် အစဉ်အလာများအတိုင်းသာ။
လူပျိုကာလသားဘ၀မှစတင်၍ယခုအသက်လေးဆယ်စွန်းစွန်းရှိလာသည့်တိုင်အောင်သူ့ဘ၀သည်ရိုးစင်းလွန်းလှသည်။ တံခါးကိုကန့်လန့်ထိုးအိပ်စရာမလိုသောပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့ရသူပီပီ ခေါင်းပုံဖြတ်ခြင်းကိုနားမလည်။ ဈေးကွက်စီးပွားရေးဆိုတာကြားပင်မကြားဘူး။ နိုင်ငံရပ်ခြားမပြောနှင့်၊ ရန်ကုန်ဆိုသည်မှာ သူ့လယ်ကွင်းဘေးမှဖြတ်သွားသော ရထားကြီးခရီးဆုံးရာနေရာလောက်ဟုသာနားလည်ထားသည်။ သူတို့ရွာမှ ပထမဆုံးပျောက်သွားသူမှ ရွာလူကြီး ဦးလူမွှေးသား “မြင့်သူ” ဖြစ်သည်။ ရွာ၏ကြေးရေတတ်လူတန်းစားထဲတွင်ပါဝင်သော မိဘများကြောင့် အလုပ်ကိုလက်ကြောတင်းအောင်မလုပ်ချင်သော မြင့်သူ တစ်ယောက် ရည်မှန်းချက်ကတော့ဖြင့်ကြီးပါပေ၏။ အရက်ကလေးတမြမြ၊ လေကလေးတစွာစွာဖြင့် အပေါင်းအသင်းပေါင်းစုံမှ သတင်းပေါင်းစုံကို ရွာသို့သယ်လာသူမှာ သူပင်ဖြစ်သည်။ “ညောင်တန်းရှည်က ဖိုးမောင်တို့၊ ၀ါးတရာက ကိုကြော့တို့ နိုင်ငံခြားမှအလုပ်သွားလုပ်ကြပြီတဲ့ ... ကိုယ်ကိုယ်တိုင်ဘာမှလုပ်စရာမလိုဘဲ ပွဲစားတွေက အကုန်စီစဉ်ပေးသတဲ့ ... တစ်လကို ခြောက်သိန်း လောက်အနည်းဆုံးရသတဲ့ ... အလုပ်ကလယ်ထွန်တာလောက်တောင် မပင်ပန်းဘူးတဲ့ ... ငါ့အဖေကိုလည်း ငါ့ကိုနိုင်ငံခြားပို့ဖို့ ပြောပြီးပြီတဲ့ ...”
ထိုအချိန်အထိ နားထောင်ကောင်းသော ပုံပြင်တစ်ပုဒ်ဟုသာသူ သဘောထားခဲ့သည်။ သူနှင့်ပတ်သက်လိမ့်မည်ဟုလည်းဘယ်တော့မှ မထင်ခဲ့ ... ထိုအချိန်မှစတင်၍ သူ၏ရွာကလေးနှင့် ပတ်ဝန်းကျင်ရွာများဆီသို့ လူစိမ်းများရောက်လာကြသည်။ ထိုလူစိမ်းများနှင့်အတူ စာရွက်စာတမ်းများ၊ ဓါတ်ပုံများ၊ အထောက်အထားများပါလာကြသည်။ သူတို့၏စကားများကို နားထောင်ရသည်မှာ အားရစရာကောင်း လှသည်။ သူတို့ကိုသူတို့ ကယ်တင်ရှင်ကြီးများဖြစ်သယောင်ပြောကြသည်။ မသိနားမလည်သော လယ်သမားများ၏ထုံအအနိုင်ပုံများကို လက်ညှိုးထိုးသည်။ ဒီအခွင့်အရေးကိုမှ မယူလျှင်လူဖြစ်ရှုံးတော့မယောင် ခေါင်းတခါခါ စုတ်တသပ်သပ်ဖြင့်ပြောသည်။ ဖင်ထဲရွှံ့တပိဿာ ၀င်မှထမင်းတနပ်စားရသော လယ်သမားဘ၀ကိုရှုံ့ချပြီး ထိုလယ်သမားများကျွေးသောထမင်းကိုစားသည်။
သူ့အတွက်ခေတ်ကြီးသည်စိမ်းကားလှသည်။ မမှန်ကန်သောမိုးလေ၀သကြောင့် ပျိုးပင်လေးတွေသေကုန်သည်။ အမေမုဆိုးမကြီး၏ ရင်ကွဲမတတ်ဆိုးနေသောချောင်းက သူ့နှလုံးသားကိုအဆက်မပြတ်ဖြစ်ညှစ်နေသလိုခံစားရသည်။ ပျိုးထပ်ချရန် မျိုးရှိလျှင်တောင်မှ ရေတင်စက်ငှားနိုင်သောအခြေအနေမရှိသောကြောင့် နာလန်ထူစရာမရှိ။ သူတို့လိုမိရိုးဖလာလယ်လေးမှအပ ခြေဗလာ၊ လက်ဗလာသမားမျာ အဖို့ သဘာဝတရား၏မျက်နှာသာပေးမှုမှလွဲ၍ အားကိုးစရာမမြင်။ တရိပ်ရိပ်တက်နေသော ကုန်ဈေးနှုန်းများကြားတွင် ကလေးသုံးယောက်ဖခင်သူ့အဖို့ လှော်ရင်းနစ်ရတော့မလိုဖြစ်နေသည်။
“ခင်ဗျားစဉ်းစားပေါ့ ကိုတင်ထွန်းရာ ... အခုလူကပြည့်ခါနီးနေပြီ .. အရေအတွက်ပြည့်သွားရင်ခင်ဗျားကိုကျွန်တော်မကူညီနိုင်တော့ဘူး ... ဘာ.. အင်္ဂလိပ်လိုမပြောတတ်ဘူး..ဟုတ်လား ..ပူတတ်ရန်ကောဗျာ.. ခင်ဗျားအလုပ်လုပ်ဖို့သွားပဲဟာ ... စကားပြောဖို့သွားတာမှမဟုတ်တာ ... ဟိုကျသူ့ဘာသာသူဖြစ်သွားမှာပေါ့ ... ပွဲစားခများတယ် .. ဟုတ်လား ..ခင်ဗျားဗျာ.. ဒီလောက်ငွေကိုရှာဖို့ဒီမှာသာခက်တာဗျ.. ဟိုမှာဆိုရင် ခင်ဗျားအေးအေးဆေးဆေးရှာလို့ရတယ် ... သြော် .. ဒါလား .. ဟိုရောက်မှစီစဉ်ပေးမှာပေါ့ .. ခင်ဗျားဘာမှပူစရာမလိုဘူး ... ”
ပွဲစား၏ “ဟိုမှာ” သည်ကြားရသောသူ့အဖို့ မစားရ၀ခမန်းအားရစရာကောင်းလှသည်။ “ဟိုမှာ” သည်ပင်သူ၏တခုတည်းသောထွက်ပေါက် ဖြစ်သည်။ “ဟိုမှာ” နေ၍ သူ့မိသားစု၏ ဘ၀ရှေ့ရေးကိုပိုကောင်းအောင်ဖန်တီးနိုင်တော့မည်။ နောက်ဆုံးတော့ “ဟို” အတွက် ဘိုးစဉ်ဘောင်ဆက် အမွေဆက်ခံခဲ့သော လယ်လေးများကို အပြီးရောင်းလိုက်ရသည့်အပြင်အိမ်ဂရန်ကိုပင်ပေါင်လိုက်ရသည်။ အို .. ဘာဖြစ်လဲ.. “ဟို”ရောက်ရင်အဆင်ပြေသွားမှာပေါ့ ...
သူ၏ “ဟို” သွားရေးမဟာစွန့်စားခန်းကြီး စတင်လေပြီ ... (ဆက်ရန်)

(တကယ့်အဖြစ်အပျက်ကိုအခြေခံထားသောယခုဇာတ်လမ်းကို အခန်းဆက်အဖြစ်ဆက်လက်ရေးသွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်)

No comments: