Wednesday, November 19, 2008

သူငယ်ချင်းချော့ပုံပြင်


ရန်ကုန်မှာတုန်းကကျွန်တော့်ဆီကိုညနေတိုင်းအလုပ်ဆင်းချိန်မှာဝင်လာတတ်တဲ့သူငယ်ချင်း တစ်ယောက် ရှိတယ်..ITလောကမှာကျင်လည်နေရသူပီပီအာရုံကြောတွေ အမြဲတမ်းတင်းတောင့်နေတဲ့ပုံကပေါ်လွင်နေ တယ်.. ခပ်ဖိုင့်ဖိုင့်ကိုယ်ခန္ဓာကအလုပ်လုပ်ချိန်မှာ လေထိုးထားတဲ့ပူစီပေါင်းလိုတင်းပြည့်နေပေမယ့် အလုပ် ဆင်းလာချိန်မှာ လက်နဲ့အထိခံရတဲ့ထိကရုန်းပင်လို ခွေယိုင်ညှိုးချုံးလျက်.. ၃၉ လမ်း အောက်ဘလောက်မှာရှိတဲ့ ကျွန်တော့အလုပ်ခန်းလေးထဲကို ဒယီးဒယိုင်နဲ့ ရောက်လာပြီး ဘယ်တော့မှအလွယ်တကူရလေ့မရှိတဲ့ တောင်းဆိုချက်တွေ တောင်းပါတော့တယ်.. ကျွန်တော်ကသူ့ကို ဘော်ဒါကြေးမှန်မှန် ပေးသင့်ကြောင်း၊ ညနေပိုင်းဗိုက်ဆာလာချိန်မှာ ၀က်သားဒုတ်ထိုး(အ၀)လိုက်ကျွေးသင့်ကြောင်း၊ အဲယားကွန်ဒစ်ရှင်းဖွင့်ဖို့ အရေးအတွက် မီတာခကိုမချွေတာသင့်ကြောင်း၊ ယခုလက်ရှိအလုပ်ကထွက်တော့မယ့်အကြောင်း (သူကရန်ကုန်မြို့ရဲ့အထင်ကရကွန်ပျူတာသင်တန်းကျောင်းကြီးတစ်ခုမှာ Software Engineer အဖြစ်အလုပ်လုပ်နေပါတယ်)စတဲ့ ဖွင့်နေကြဓါတ်ပြားဟောင်းကြီးကို အကြိမ်တစ်သောင်းမြောက် ထပ်ကာ၊ ထပ်ကာဖွင့်ပါတော့တယ်.. ချူသံ၊ ပုလွေသံ၊ နှဲသံပါအောင်ညည်းညူပြီတဲ့အခိုက်မှာတော့ ပါးစပ်မှလေပူကြီးကို ၀ှူးကနဲနေအောင်မှုတ်ထုတ်ပြီးတော့ `ဗိုက်ဆာလိုက်တာ၊ သားကြီးရာ၊ မင်းပုံပြင်လေးလုပ်စမ်းပါဦး.. ´ ဆိုပြီး အဆင်သင့်ချထားတဲ့ခုံကြီးပေါ်မှာ ခြေပစ်လက်ပစ်ဝင်ထိုင်လိုက်ပါတော့တယ်.. ကျွန်တော်လည်းအဲဒီအချိန်မှာ လုပ်လက်စအလုပ်တွေကိုခဏရပ်ပြီး အောက်ပါပုံပြင်ကိုစတင်ပြီးပြောလိုက်ပါတော့တယ်..

....မင်းအခုထိုင်နေတဲ့ ကုလားထိုင်ကလေးဟာ ထန်းပလက်နဲ့လုပ်ထားတဲ့အတွက်အခုလို ပူလောင် နေတဲ့အချိန်မှာ အင်မတန်မှကို အေးမြနေတယ်.. ဇက်နေရာကို ၀ါးပိုးဝါးခပ်ကြီးကြီး ထပ်ခြမ်းခွဲပြီး လုပ်ထား တဲ့အတွက် အာရုံကြောတွေပေါက်ထွက်မတတ် တစ်နေကုန်အလုပ်လုပ်နေရတဲ့ ငါတို့ခေါင်းတွေတင်ဖို့ အတွက်အကောင်းဆုံးပဲဖြစ်တယ်.. အခုချိန်ကနေစပြီးတော့ မင်းခေါင်း နောက်ကိုမှီထားလိုက်ပေတော့.. တစ်ကမ္ဘာလုံးက ၀န်ထုပ်တွေကို မင်းဦးခေါင်းကနေလျှောချလိုက်ရသလို သဘောထားပြီး စိတ်လွတ်ကိုယ်လွတ် မှီထားလိုက်ပေတော့..အသက်ကိုဖြည်းဖြည်းရှုသွင်း၊ ရှုထုတ်ပြီးတစ်ကိုယ်လုံးမှာရှိတဲ့ အကြောတွေကို အပ်တစ် ထောက်စာမှမကျန်အောင် လျော့ကျသွားပြီလို့သဘောထားလိုက်ပေတော့.. မင်းအခုအိပ်ခွင့်ရနေတဲ့ ထန်းပလက် ကုလားထိုင်ကပေးစွမ်းတဲ့ အတွေ့အရသာမျိုးကို ကမ္ဘာ့သူဌေးကြီးတောင် ခံစားခွင့်မရတဲ့အတွက် မင်းလောက်ကံကောင်းတဲ့သူမရှိတော့ဘူး.. သဘာဝဆန်တဲ့အထိအတွေ့ကနေပြီးတော့ လောကကြီးရဲ့ ခွန်အားတွေ မင်းကိုယ်ထဲကိုတရှိန်ရှိန်နဲ့ဝင်နေပြီ.. ရေစီးထဲကိုအလိုက်သင့် မျောပါနေတဲ့ ဗေဒါပင်လို မင်းပယောဂမပါပဲ မင်းကိုယ်ခန္ဓာကိုယ်ကြီးကို အသာအယာတင်ထားလိုက်ပေတော့.. (အဲဒီအချိန်မှာ ကျွန်တော့်သူငယ်ချင်းဟာ လေငြိမ်တဲ့နေရာမှရှိတဲ့အလံလို ငြိမ်သက်နေပြီးမျက်စိကို အသာအယာမှိတ်လို့ အသက်ကို ခပ်ဖွဖွရှုလို့နေပါပြီ) မင်းအိပ်ခွင့်ရနေတဲ့ နေရာဟာ အင်မတန်မှကိုအရိပ်အာဝါသနဲ့ ပြည့်စုံတဲ့ ထနောင်းပင်ကြီးရဲ့ အရိပ်ကြောင့်နေဆယ်စင်းထွက်တာတောင် မင်းကိုယ်မှာချွေးတစ်ပေါက်မထွက်စေရဘူး လို့တောင်ထင်နေရတယ်..(အခုချိန်ကစပြီးသူ့ကိုရုံးခန်းကျဉ်းကျဉ်းကလေးထဲကနေအပြင်ကိုထုတ်လိုက်ပါပြီ) ဖိနပ်ချွတ်ထားတဲ့ မင်းခြေထောက်တွေကို ကုလားထိုင်ပေါ်ကိုတင်မထားပဲ အေးမြပြီးနူးညံ့တဲ့ သဲပြင် ဖွေးဖွေးလေးပေါ်ကို ချထားလိုက်ပေတော့.. သဲလေးတွေဟာလယ်ကွင်းစပ်ခင်တန်းလေးနားမှရှိတဲ့ ချောင်းလေးရဲ့ အစိုဓါတ်ကြောင့်အေးမြနေတယ်.. တစ်ချက်တစ်ချက်မှာ ရုတ်ကနဲတိုက်လာတဲ့ လေညှင်း ကလေးက မင်းမျက်နှာပေါ်ကျနေတဲ့ဆံပင်လေးတွေ လှုပ်သွားရုံထက် အနှောက်အယှက်ပိုမပေးနိုင်ပါဘူး.. လယ်ကွင်းစပ်မှစိုက်ထားတဲ့ ဖရဲခင်းတွေ၊ ငရုတ်ခင်းတွေကိုဖြတ်ပြီးရောက်လာတဲ့ လေညှင်းဧည့်သည်ဟာ မြေသင်းနံ့လက်ဆောင်နဲ့တစ်ကွသန့်စင်လတ်ဆတ်မှုတွေကိုပါသယ်ဆောင်လာတယ်.. အရပ်မျက်နှာမျိုးစုံက လာတဲ့လေသင်းနံ့ထဲမှာ အိမ်နောက်ဖက်မှာပုံထားတဲ့ကောက်ရိုးပုံက ကောက်ရိုးနံ့လေးတွေရယ်၊ ဟိုး ဝေးဝေး ကတောင်ယာမီးကြောင့်လွင့်ပါလာတဲ့ ခပ်ရှရှမီးခိုးနံ့လေးတွေရယ်၊ နွားခလောက်သံသဲ့သဲ့လေးတွေရယ်ကို ပကာသနမပါပဲ အရိုးခံအတိုင်းသယ်ဆောင်လာပေးတယ်.. အသံတစ်ခုချင်းစီကိုကွဲကွဲပြားပြားမကြားရပေမယ့် ရောကာ၊ ထွေးကာနဲ့ဝေးရာမှနီး၊ နီးရာမှဝေးပြီးသဲ့သဲ့ခပ်ခပ်ကလေးကြားနေရတယ်.. ကံကောင်းတဲ့အခိုက်များ ဆိုရင် ရွာဦးဘုန်းကြီးကျောင်း စူဠာမဏိစေတီတော်လေးက ဆည်းလည်းသံကလေးတွေကိုတောင် သဲသဲကွဲကွဲ ကြားခွင့်ရပါသေးတယ်.. ထင်ထင်ရှားရှားကြားရတာကတော့ ဥသြငှက်သံလေးပါပဲ.. အို.. ဥသြငယ်.. မင်းဘယ်နေရာကအော်မြည်နေပါလိမ့်.. မင်းအသံလေးကိုကြားရင် ဘယ်ဆီဘယ်ဝယ်ကိုတောင် လွမ်းရမှန်း မသိတော့ပါဘူးကွယ်.. ပတ်ဝန်းကျင်တစ်ခုလုံးဟာ လိမ္မော်ရောင်တောက်ပလို့နေတယ်.. ပြာလဲ့နေတဲ့ ကောင်းကင်ပြင်ကြီးထဲမှာ တိမ်မျှင်တိမ်စဆိုလို့ကြက်မတစ်ဝပ်စာလောက်တောင်မရှိဘူး.. အ၀ါရောင်ရိုးပြတ် တစ်မျှော်တစ်ခေါ်ကြီးနဲ့ အပြာရောင်ကောင်းကင်ပြင်ကြီးဟာ မိုးကုတ်စက်ဝိုင်းဆီမှာ ပေါင်းစုံနေတယ်..တစ်ခဲနက်စိမ်းစိုနေတဲ့ သစ်ပင်အုပ်အုပ်များရှိတဲ့ခင်တန်းလေးကအပြာရောင်နဲ့ အ၀ါရောင်ကိုနယ်နမိတ် သတ်မှတ်ပေးထားတယ်.. လေရူးရဲ့ကျီစယ်မှုကြောင့်ကြွေလွင့်လာရတဲ့ရွက်ခြောက်လေး တစ်ချို့မှအပမင်းမှာ ဘာအနှောက်အယှက်မှမရှိဘူး.. ငြမ်းချမ်းမှုသန္တိသုခဟာပတ်ဝန်းကျင်တစ်ခုလုံးကိုလွှမ်းခြုံထားတယ်.. ပိတောက်ပင် ကြီးအောက်မှာရှိတဲ့ကောက်ရိုးပုံနားမှာ ညိုပြာကြီးတောင် ခေါင်းကြီးစင်းပြီး ပျင်းတိ၊ပျင်းတွဲ လဲလျောင်းပြီးစားမြုံ့ပြန်နေလေရဲ့.. လှုပ်ရှားမှုဆိုလို့အိနြေ္ဒရရလှုပ်နေတဲ့ ညိုပြာကြီးရဲ့အောက်မေးရိုးကြီးရယ်၊ ချောင်းကလေးထဲမှာရေကူးနေတဲ့ဘဲတစ်အုပ်ရယ်၊ မြေကြီးကိုကုတ်ခြစ်ဆွဲဖွပြီး အစာရှာနေတဲ့ ကြက်သားအုပ်မကြီးတစ်စုရယ်ပဲ ရှိတယ်.. ကျီးစောင့်၊ကြက်နှင်မှာအားကိုးရတဲ့ ဂုတ်ကြားတောင်မှ ကြက်မကြီး ရွှေနီကိုရန်လုပ်ချင်စိတ်မရှိအောင် အေးချမ်းတိတ်ဆိတ်နေတယ်.. တခါတရံလယ်ကွင်းထဲက လှည်းလမ်း ကြောင်းမှလွင့်ပျံတက်လာတဲ့ ဖုန်လုံးဖြူဖြူတွေတောင်မှပတ်ဝန်းကျင်ကို အနှောက်အယှက်မပေးချင်သလို လေးလေးတွဲ့တွဲ့ တလူလူလွင့်နေတယ်.. ချိမြမွှေးကြိုင်နေတဲ့လေညင်းလေးကြောင့် ခန္ဓာဝန် ဟာသဘာဝကျကျလတ်ဆတ်နေတယ်.. မြို့ရွာအူသံ၊ဆူသံဝေးပြီး အေးချမ်းတိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ဟာ အဆုံးမရှိတဲ့ရောင့်ရဲနှစ်သိမ့်မှုပိတီတွေ ဖြစ်ပေါ်စေတယ်.. စိမ့်စိမ့်သည်းသည်းရှိလှတဲ့ထနောင်းရိပ် အောက်က ထန်းသားနံ့သင်းနေတဲ့ ပက်လက်ကုလားထိုင်လေးပေါ်မှာ ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်ကိုအဖော်ပြုရင်းစိတ်လွတ်၊ ကိုယ်လွတ်အနားယူခွင့်ရတဲ့သူလောက်ဘယ်သူကံကောင်းနိုင်ပါ့မလဲ.. ဘယ်သူလူဖြစ်ရကျိုးနပ်ပါလိမ့်မလဲ..
(ကျွန်တော့်ရဲ့ ပုံပြင်လေးဟာ သူငယ်ချင်းရဲ့ဟောက်သံတရှုးရှုးထွက်လာချိန်မှာအဆုံးသတ်သွားခဲ့ပါပြီ.. နောက်တစ်နေ့မနက်ဖြန်မှာလည်း သူငယ်ချင်းကိုပုံပြင်ပြောပြရင်း ကျွန်တော်ကိုယ်တိုင်အတွက်လည်း နှလုံးသားအဟာရကိုစိတ်ကူးနဲ့ဖြည့်တင်းရပါဦးမယ်..သူငယ်ချင်းတို့တွေလည်း ကိုယ်စိတ်နှလုံး ပင်ပန်းနေပြီး အနားယူဖို့လိုအပ်နေချိန်မှာ မြေသင်းနံ့လေးတွေကိုအာရုံပြုလိုက်ပါ.. သဘာဝရဲ့ထာဝရအလှကိုမြင်အောင် ကြည့်လိုက်ပါ.. ဟော.. ကြားရဲ့လား.. ဥသြသံလေး.. ရှုရှိက်မိရဲ့လား.. လတ်ဆတ်သန့်စင်တဲ့ လေပြည်နဲ့အတူလွင့်ပါလာတဲ့ တောနံ့၊ တောင်နံ့.. )

(ရန်ကုန်မြို့လည်ကောင်က တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ သူငယ်ချင်းတစ်ယောက်ကို ဆယ်ခါထက်မနည်း ပြောခဲ့သောပုံပြင်လေးဖြစ်ပါတယ်..)

Read More...

Friday, November 14, 2008

မုတ်ဆိုးမှ တောင်းပန်ခြင်း..

Blog ကိုစလုပ်တတ်တာမကြာသေးပါဘူး.. အဲဒီထဲမှာ ထင်ရာမြင်ရာတွေရေးလို့ရတယ်.. ထင်ရာမြင်ရာတွေရေးရင်ဝင်ဖတ်တဲ့သူတွေကလည်း ထင်ရာ၊ မြင်ရာကို Cbox ထဲမှာရေးသွားမှာပဲ.. ရေးသွားပေးတာကိုပဲ တော်တော်ကျေးဇူးတင်နေရတယ်.. ရေးချင်တဲ့အကြောင်းအရာတွေကတော့ ခေါင်းထဲမှာအများကြီး.. ရေးဖြစ်ရင်လည်းဘယ်သူ့ကိုမှတော့တကူးတကဖိတ်ဖြစ်လိမ့်မယ်လို့မထင်ဘူး.. ဘာဖြစ်လို့လဲဆိုတော့ ရှက်လို့.. ကိုယ့်ရဲ့ခေါင်းပါးတဲ့ဗဟုသုတကိုအခြေခံပြီးရေးရမယ့်အကြောင်းအရာတွေအတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်နည်းနေတယ်.. အခုဆိုအလုပ်ကအရမ်းများနေတော့ ကိုယ့်ရဲ့ Blog ကိုတောင်တစ်နေ့နေလို့တစ်ခါဝင်မကြည့်နိုင်အားဘူး.. ဒီကြားထဲမှာ Post အသစ်တွေ တွေ့လိုတွေ့ငြားလာကြည့်တဲ့ Blog မိတ်ဆွေတွေနဲ့ အပေါင်းအသင်းတွေကိုလည်းအားနာမိတယ်.. ကျွန်တော့်ရဲ့ Blog မှာဘယ် Site တွေကိုမှ Link ထားတာလဲမရှိ၊ စိတ်ဝင်စားဖွယ်ရာအခင်းအကျင်းလည်းမရှိတော့ တစ်ခါလာကြည့်ပီးနောက်တစ်ခါထပ်လာ ကြည့်ဖို့တော်တော်တော့ဝန်လေးမှာလဲ.. ဒီကြားထဲ Post အသစ်တွေမှန်မှန်တင်လားဆိုတော့လည်းမတင်ပြန်ဘူး.. နှစ်ခါလောက်ဝင်ကြည့်လို့မှ ဘာမှမပြောင်းလဲရင်တော့ ဘယ်သူကနောက်ထပ်လာလည်ချင်ပါတော့မလဲ.. နည်းနည်းလေးအားခဲ့ရင်တော့၊ ဒီထက်နည်းနည်းလေးပိုအားခဲ့ရင်တော့ Post အသစ်ကလေးတွေတင်နိုင်ပါလိမ့်မယ်.. ဘယ်သူတောင်းဆိုထားခြင်းမရှိပေမယ့် ကိုယ့်ဘာသာကိုယ် လိပ်ပြာသန့်သွားချင်လို့ ကဗျာကယာ ရေးလိုက်ခြင်းဖြစ်ပါကြောင်း

Read More...