Wednesday, November 19, 2008

သူငယ်ချင်းချော့ပုံပြင်


ရန်ကုန်မှာတုန်းကကျွန်တော့်ဆီကိုညနေတိုင်းအလုပ်ဆင်းချိန်မှာဝင်လာတတ်တဲ့သူငယ်ချင်း တစ်ယောက် ရှိတယ်..ITလောကမှာကျင်လည်နေရသူပီပီအာရုံကြောတွေ အမြဲတမ်းတင်းတောင့်နေတဲ့ပုံကပေါ်လွင်နေ တယ်.. ခပ်ဖိုင့်ဖိုင့်ကိုယ်ခန္ဓာကအလုပ်လုပ်ချိန်မှာ လေထိုးထားတဲ့ပူစီပေါင်းလိုတင်းပြည့်နေပေမယ့် အလုပ် ဆင်းလာချိန်မှာ လက်နဲ့အထိခံရတဲ့ထိကရုန်းပင်လို ခွေယိုင်ညှိုးချုံးလျက်.. ၃၉ လမ်း အောက်ဘလောက်မှာရှိတဲ့ ကျွန်တော့အလုပ်ခန်းလေးထဲကို ဒယီးဒယိုင်နဲ့ ရောက်လာပြီး ဘယ်တော့မှအလွယ်တကူရလေ့မရှိတဲ့ တောင်းဆိုချက်တွေ တောင်းပါတော့တယ်.. ကျွန်တော်ကသူ့ကို ဘော်ဒါကြေးမှန်မှန် ပေးသင့်ကြောင်း၊ ညနေပိုင်းဗိုက်ဆာလာချိန်မှာ ၀က်သားဒုတ်ထိုး(အ၀)လိုက်ကျွေးသင့်ကြောင်း၊ အဲယားကွန်ဒစ်ရှင်းဖွင့်ဖို့ အရေးအတွက် မီတာခကိုမချွေတာသင့်ကြောင်း၊ ယခုလက်ရှိအလုပ်ကထွက်တော့မယ့်အကြောင်း (သူကရန်ကုန်မြို့ရဲ့အထင်ကရကွန်ပျူတာသင်တန်းကျောင်းကြီးတစ်ခုမှာ Software Engineer အဖြစ်အလုပ်လုပ်နေပါတယ်)စတဲ့ ဖွင့်နေကြဓါတ်ပြားဟောင်းကြီးကို အကြိမ်တစ်သောင်းမြောက် ထပ်ကာ၊ ထပ်ကာဖွင့်ပါတော့တယ်.. ချူသံ၊ ပုလွေသံ၊ နှဲသံပါအောင်ညည်းညူပြီတဲ့အခိုက်မှာတော့ ပါးစပ်မှလေပူကြီးကို ၀ှူးကနဲနေအောင်မှုတ်ထုတ်ပြီးတော့ `ဗိုက်ဆာလိုက်တာ၊ သားကြီးရာ၊ မင်းပုံပြင်လေးလုပ်စမ်းပါဦး.. ´ ဆိုပြီး အဆင်သင့်ချထားတဲ့ခုံကြီးပေါ်မှာ ခြေပစ်လက်ပစ်ဝင်ထိုင်လိုက်ပါတော့တယ်.. ကျွန်တော်လည်းအဲဒီအချိန်မှာ လုပ်လက်စအလုပ်တွေကိုခဏရပ်ပြီး အောက်ပါပုံပြင်ကိုစတင်ပြီးပြောလိုက်ပါတော့တယ်..

....မင်းအခုထိုင်နေတဲ့ ကုလားထိုင်ကလေးဟာ ထန်းပလက်နဲ့လုပ်ထားတဲ့အတွက်အခုလို ပူလောင် နေတဲ့အချိန်မှာ အင်မတန်မှကို အေးမြနေတယ်.. ဇက်နေရာကို ၀ါးပိုးဝါးခပ်ကြီးကြီး ထပ်ခြမ်းခွဲပြီး လုပ်ထား တဲ့အတွက် အာရုံကြောတွေပေါက်ထွက်မတတ် တစ်နေကုန်အလုပ်လုပ်နေရတဲ့ ငါတို့ခေါင်းတွေတင်ဖို့ အတွက်အကောင်းဆုံးပဲဖြစ်တယ်.. အခုချိန်ကနေစပြီးတော့ မင်းခေါင်း နောက်ကိုမှီထားလိုက်ပေတော့.. တစ်ကမ္ဘာလုံးက ၀န်ထုပ်တွေကို မင်းဦးခေါင်းကနေလျှောချလိုက်ရသလို သဘောထားပြီး စိတ်လွတ်ကိုယ်လွတ် မှီထားလိုက်ပေတော့..အသက်ကိုဖြည်းဖြည်းရှုသွင်း၊ ရှုထုတ်ပြီးတစ်ကိုယ်လုံးမှာရှိတဲ့ အကြောတွေကို အပ်တစ် ထောက်စာမှမကျန်အောင် လျော့ကျသွားပြီလို့သဘောထားလိုက်ပေတော့.. မင်းအခုအိပ်ခွင့်ရနေတဲ့ ထန်းပလက် ကုလားထိုင်ကပေးစွမ်းတဲ့ အတွေ့အရသာမျိုးကို ကမ္ဘာ့သူဌေးကြီးတောင် ခံစားခွင့်မရတဲ့အတွက် မင်းလောက်ကံကောင်းတဲ့သူမရှိတော့ဘူး.. သဘာဝဆန်တဲ့အထိအတွေ့ကနေပြီးတော့ လောကကြီးရဲ့ ခွန်အားတွေ မင်းကိုယ်ထဲကိုတရှိန်ရှိန်နဲ့ဝင်နေပြီ.. ရေစီးထဲကိုအလိုက်သင့် မျောပါနေတဲ့ ဗေဒါပင်လို မင်းပယောဂမပါပဲ မင်းကိုယ်ခန္ဓာကိုယ်ကြီးကို အသာအယာတင်ထားလိုက်ပေတော့.. (အဲဒီအချိန်မှာ ကျွန်တော့်သူငယ်ချင်းဟာ လေငြိမ်တဲ့နေရာမှရှိတဲ့အလံလို ငြိမ်သက်နေပြီးမျက်စိကို အသာအယာမှိတ်လို့ အသက်ကို ခပ်ဖွဖွရှုလို့နေပါပြီ) မင်းအိပ်ခွင့်ရနေတဲ့ နေရာဟာ အင်မတန်မှကိုအရိပ်အာဝါသနဲ့ ပြည့်စုံတဲ့ ထနောင်းပင်ကြီးရဲ့ အရိပ်ကြောင့်နေဆယ်စင်းထွက်တာတောင် မင်းကိုယ်မှာချွေးတစ်ပေါက်မထွက်စေရဘူး လို့တောင်ထင်နေရတယ်..(အခုချိန်ကစပြီးသူ့ကိုရုံးခန်းကျဉ်းကျဉ်းကလေးထဲကနေအပြင်ကိုထုတ်လိုက်ပါပြီ) ဖိနပ်ချွတ်ထားတဲ့ မင်းခြေထောက်တွေကို ကုလားထိုင်ပေါ်ကိုတင်မထားပဲ အေးမြပြီးနူးညံ့တဲ့ သဲပြင် ဖွေးဖွေးလေးပေါ်ကို ချထားလိုက်ပေတော့.. သဲလေးတွေဟာလယ်ကွင်းစပ်ခင်တန်းလေးနားမှရှိတဲ့ ချောင်းလေးရဲ့ အစိုဓါတ်ကြောင့်အေးမြနေတယ်.. တစ်ချက်တစ်ချက်မှာ ရုတ်ကနဲတိုက်လာတဲ့ လေညှင်း ကလေးက မင်းမျက်နှာပေါ်ကျနေတဲ့ဆံပင်လေးတွေ လှုပ်သွားရုံထက် အနှောက်အယှက်ပိုမပေးနိုင်ပါဘူး.. လယ်ကွင်းစပ်မှစိုက်ထားတဲ့ ဖရဲခင်းတွေ၊ ငရုတ်ခင်းတွေကိုဖြတ်ပြီးရောက်လာတဲ့ လေညှင်းဧည့်သည်ဟာ မြေသင်းနံ့လက်ဆောင်နဲ့တစ်ကွသန့်စင်လတ်ဆတ်မှုတွေကိုပါသယ်ဆောင်လာတယ်.. အရပ်မျက်နှာမျိုးစုံက လာတဲ့လေသင်းနံ့ထဲမှာ အိမ်နောက်ဖက်မှာပုံထားတဲ့ကောက်ရိုးပုံက ကောက်ရိုးနံ့လေးတွေရယ်၊ ဟိုး ဝေးဝေး ကတောင်ယာမီးကြောင့်လွင့်ပါလာတဲ့ ခပ်ရှရှမီးခိုးနံ့လေးတွေရယ်၊ နွားခလောက်သံသဲ့သဲ့လေးတွေရယ်ကို ပကာသနမပါပဲ အရိုးခံအတိုင်းသယ်ဆောင်လာပေးတယ်.. အသံတစ်ခုချင်းစီကိုကွဲကွဲပြားပြားမကြားရပေမယ့် ရောကာ၊ ထွေးကာနဲ့ဝေးရာမှနီး၊ နီးရာမှဝေးပြီးသဲ့သဲ့ခပ်ခပ်ကလေးကြားနေရတယ်.. ကံကောင်းတဲ့အခိုက်များ ဆိုရင် ရွာဦးဘုန်းကြီးကျောင်း စူဠာမဏိစေတီတော်လေးက ဆည်းလည်းသံကလေးတွေကိုတောင် သဲသဲကွဲကွဲ ကြားခွင့်ရပါသေးတယ်.. ထင်ထင်ရှားရှားကြားရတာကတော့ ဥသြငှက်သံလေးပါပဲ.. အို.. ဥသြငယ်.. မင်းဘယ်နေရာကအော်မြည်နေပါလိမ့်.. မင်းအသံလေးကိုကြားရင် ဘယ်ဆီဘယ်ဝယ်ကိုတောင် လွမ်းရမှန်း မသိတော့ပါဘူးကွယ်.. ပတ်ဝန်းကျင်တစ်ခုလုံးဟာ လိမ္မော်ရောင်တောက်ပလို့နေတယ်.. ပြာလဲ့နေတဲ့ ကောင်းကင်ပြင်ကြီးထဲမှာ တိမ်မျှင်တိမ်စဆိုလို့ကြက်မတစ်ဝပ်စာလောက်တောင်မရှိဘူး.. အ၀ါရောင်ရိုးပြတ် တစ်မျှော်တစ်ခေါ်ကြီးနဲ့ အပြာရောင်ကောင်းကင်ပြင်ကြီးဟာ မိုးကုတ်စက်ဝိုင်းဆီမှာ ပေါင်းစုံနေတယ်..တစ်ခဲနက်စိမ်းစိုနေတဲ့ သစ်ပင်အုပ်အုပ်များရှိတဲ့ခင်တန်းလေးကအပြာရောင်နဲ့ အ၀ါရောင်ကိုနယ်နမိတ် သတ်မှတ်ပေးထားတယ်.. လေရူးရဲ့ကျီစယ်မှုကြောင့်ကြွေလွင့်လာရတဲ့ရွက်ခြောက်လေး တစ်ချို့မှအပမင်းမှာ ဘာအနှောက်အယှက်မှမရှိဘူး.. ငြမ်းချမ်းမှုသန္တိသုခဟာပတ်ဝန်းကျင်တစ်ခုလုံးကိုလွှမ်းခြုံထားတယ်.. ပိတောက်ပင် ကြီးအောက်မှာရှိတဲ့ကောက်ရိုးပုံနားမှာ ညိုပြာကြီးတောင် ခေါင်းကြီးစင်းပြီး ပျင်းတိ၊ပျင်းတွဲ လဲလျောင်းပြီးစားမြုံ့ပြန်နေလေရဲ့.. လှုပ်ရှားမှုဆိုလို့အိနြေ္ဒရရလှုပ်နေတဲ့ ညိုပြာကြီးရဲ့အောက်မေးရိုးကြီးရယ်၊ ချောင်းကလေးထဲမှာရေကူးနေတဲ့ဘဲတစ်အုပ်ရယ်၊ မြေကြီးကိုကုတ်ခြစ်ဆွဲဖွပြီး အစာရှာနေတဲ့ ကြက်သားအုပ်မကြီးတစ်စုရယ်ပဲ ရှိတယ်.. ကျီးစောင့်၊ကြက်နှင်မှာအားကိုးရတဲ့ ဂုတ်ကြားတောင်မှ ကြက်မကြီး ရွှေနီကိုရန်လုပ်ချင်စိတ်မရှိအောင် အေးချမ်းတိတ်ဆိတ်နေတယ်.. တခါတရံလယ်ကွင်းထဲက လှည်းလမ်း ကြောင်းမှလွင့်ပျံတက်လာတဲ့ ဖုန်လုံးဖြူဖြူတွေတောင်မှပတ်ဝန်းကျင်ကို အနှောက်အယှက်မပေးချင်သလို လေးလေးတွဲ့တွဲ့ တလူလူလွင့်နေတယ်.. ချိမြမွှေးကြိုင်နေတဲ့လေညင်းလေးကြောင့် ခန္ဓာဝန် ဟာသဘာဝကျကျလတ်ဆတ်နေတယ်.. မြို့ရွာအူသံ၊ဆူသံဝေးပြီး အေးချမ်းတိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ဟာ အဆုံးမရှိတဲ့ရောင့်ရဲနှစ်သိမ့်မှုပိတီတွေ ဖြစ်ပေါ်စေတယ်.. စိမ့်စိမ့်သည်းသည်းရှိလှတဲ့ထနောင်းရိပ် အောက်က ထန်းသားနံ့သင်းနေတဲ့ ပက်လက်ကုလားထိုင်လေးပေါ်မှာ ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်ကိုအဖော်ပြုရင်းစိတ်လွတ်၊ ကိုယ်လွတ်အနားယူခွင့်ရတဲ့သူလောက်ဘယ်သူကံကောင်းနိုင်ပါ့မလဲ.. ဘယ်သူလူဖြစ်ရကျိုးနပ်ပါလိမ့်မလဲ..
(ကျွန်တော့်ရဲ့ ပုံပြင်လေးဟာ သူငယ်ချင်းရဲ့ဟောက်သံတရှုးရှုးထွက်လာချိန်မှာအဆုံးသတ်သွားခဲ့ပါပြီ.. နောက်တစ်နေ့မနက်ဖြန်မှာလည်း သူငယ်ချင်းကိုပုံပြင်ပြောပြရင်း ကျွန်တော်ကိုယ်တိုင်အတွက်လည်း နှလုံးသားအဟာရကိုစိတ်ကူးနဲ့ဖြည့်တင်းရပါဦးမယ်..သူငယ်ချင်းတို့တွေလည်း ကိုယ်စိတ်နှလုံး ပင်ပန်းနေပြီး အနားယူဖို့လိုအပ်နေချိန်မှာ မြေသင်းနံ့လေးတွေကိုအာရုံပြုလိုက်ပါ.. သဘာဝရဲ့ထာဝရအလှကိုမြင်အောင် ကြည့်လိုက်ပါ.. ဟော.. ကြားရဲ့လား.. ဥသြသံလေး.. ရှုရှိက်မိရဲ့လား.. လတ်ဆတ်သန့်စင်တဲ့ လေပြည်နဲ့အတူလွင့်ပါလာတဲ့ တောနံ့၊ တောင်နံ့.. )

(ရန်ကုန်မြို့လည်ကောင်က တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ သူငယ်ချင်းတစ်ယောက်ကို ဆယ်ခါထက်မနည်း ပြောခဲ့သောပုံပြင်လေးဖြစ်ပါတယ်..)

Read More...

Friday, November 14, 2008

မုတ်ဆိုးမှ တောင်းပန်ခြင်း..

Blog ကိုစလုပ်တတ်တာမကြာသေးပါဘူး.. အဲဒီထဲမှာ ထင်ရာမြင်ရာတွေရေးလို့ရတယ်.. ထင်ရာမြင်ရာတွေရေးရင်ဝင်ဖတ်တဲ့သူတွေကလည်း ထင်ရာ၊ မြင်ရာကို Cbox ထဲမှာရေးသွားမှာပဲ.. ရေးသွားပေးတာကိုပဲ တော်တော်ကျေးဇူးတင်နေရတယ်.. ရေးချင်တဲ့အကြောင်းအရာတွေကတော့ ခေါင်းထဲမှာအများကြီး.. ရေးဖြစ်ရင်လည်းဘယ်သူ့ကိုမှတော့တကူးတကဖိတ်ဖြစ်လိမ့်မယ်လို့မထင်ဘူး.. ဘာဖြစ်လို့လဲဆိုတော့ ရှက်လို့.. ကိုယ့်ရဲ့ခေါင်းပါးတဲ့ဗဟုသုတကိုအခြေခံပြီးရေးရမယ့်အကြောင်းအရာတွေအတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်နည်းနေတယ်.. အခုဆိုအလုပ်ကအရမ်းများနေတော့ ကိုယ့်ရဲ့ Blog ကိုတောင်တစ်နေ့နေလို့တစ်ခါဝင်မကြည့်နိုင်အားဘူး.. ဒီကြားထဲမှာ Post အသစ်တွေ တွေ့လိုတွေ့ငြားလာကြည့်တဲ့ Blog မိတ်ဆွေတွေနဲ့ အပေါင်းအသင်းတွေကိုလည်းအားနာမိတယ်.. ကျွန်တော့်ရဲ့ Blog မှာဘယ် Site တွေကိုမှ Link ထားတာလဲမရှိ၊ စိတ်ဝင်စားဖွယ်ရာအခင်းအကျင်းလည်းမရှိတော့ တစ်ခါလာကြည့်ပီးနောက်တစ်ခါထပ်လာ ကြည့်ဖို့တော်တော်တော့ဝန်လေးမှာလဲ.. ဒီကြားထဲ Post အသစ်တွေမှန်မှန်တင်လားဆိုတော့လည်းမတင်ပြန်ဘူး.. နှစ်ခါလောက်ဝင်ကြည့်လို့မှ ဘာမှမပြောင်းလဲရင်တော့ ဘယ်သူကနောက်ထပ်လာလည်ချင်ပါတော့မလဲ.. နည်းနည်းလေးအားခဲ့ရင်တော့၊ ဒီထက်နည်းနည်းလေးပိုအားခဲ့ရင်တော့ Post အသစ်ကလေးတွေတင်နိုင်ပါလိမ့်မယ်.. ဘယ်သူတောင်းဆိုထားခြင်းမရှိပေမယ့် ကိုယ့်ဘာသာကိုယ် လိပ်ပြာသန့်သွားချင်လို့ ကဗျာကယာ ရေးလိုက်ခြင်းဖြစ်ပါကြောင်း

Read More...

Wednesday, October 29, 2008

လမ်းလျှောက်သူများ ...

အဆက်မပြတ်မြည်တွန်နေသည့် စူးရှသောနှိုးစက်သံကြောင့် မျက်လုံးကိုရုတ်တရက်ဖွင့်လိုက်မိသည်။ ထနေကြအချိန်ဖြစ်သော်လည်း ဘယ်တော့မှကျင့်သားမရနိုင်သည့် ကျွန်ုပ်အားနည်းချက်ကြောင့် ကိုယ်ခန္ဓာနှင့် အိပ်ယာကိုဆွဲခွာရသည့်အလုပ်သည် အင်မတန်မှ စပ်ဆုတ်စရာကောင်းလှသည်။ မျက်နှာသုတ်ပ၀ါကို ဒရွတ်တိုက်ဆွဲပြီး ယိုင်တိယိုင်ထိုးဖြင့် ရေးချိုးခန်းထဲဝင်၊ မျက်နှာသစ်သွားတိုက်ခြင်း အလုပ်ကိုလုပ်ရလေသည်။ ရေချိုးခန်းထဲမှထွက်ပြီးအပြင်လောကကိုလှမ်းကြည့်လိုက်တော့ လမ်းမပေါ်တွင်ပုရွက်ဆိတ်ကလေးများ သဖွယ် လှုပ်လှုပ်ရွရွဖြင့်သွားနေကြသော ကြီးကြီးငယ်ငယ်ပုပု၀၀ များကိုတွေ့နေရလေပြီ။
သူတို့အားလုံး၏ဦးတည်ရာအရပ်သည်ကား ဘူတာရုံ ဖြစ်တော့သတည်း။ မကြာမီကျွန်ုပ်ကိုယ်တိုင်လည်း အဆိုပါလူအုပ်ကြီးနှင့်ရောနှော ခြေဆန့်ရလတ္တံ။
ငိုက်စိုက်ကျနေသောခေါင်းများသည် အရှိန်အနည်းငယ်ပိုမြန်စေခြင်းငှာ ရှေ့သို့ခပ်ငိုက်ငိုက်ဖြစ်နေကြ၏။ ဘူတာရုံသို့မြန်နိုင် သမျှမြန်မြန်ရောက်ရှိစေခြင်းငှာ စိတ်စွမ်းအင်ကိုပါအသုံးပြုလျက် ခြေထောက်တည်းဟူသောကိုယ်ပိုင်ယာဉ်ကို နှင်နေကြလေသည်။ သခင်၏အလိုကိုသိသောခြေထောက်များသည် ခွပ်ခွပ်ဟူသောအသံကိုမြည်စေလျက် မပြေးရုံတမယ်ဦးတည်ရာအရပ်သို့ခရီးပြင်းနှင် လျက်ရှိနေကြကုန်၏။ ခြေထောက်ပိုင်ရှင်များ၏မျက်နှာထားများသည်လည်း ဘူတာရုံသို့ မြန်မြန်ရောက်ရေးဟူသော ကသိုဏ်းကို စီးဖြန်းဆင်ခြင်၍ အင်မတန်တည်ကြည်လေးနက်သောအသွင်ကိုဆောင်လျက်ရှိသည်။ ကားသံများမှလွဲ၍ တိတ်ဆိတ်နေသောပတ်ဝန်း ကျင်တစ်ခုလုံးတွင် ခြေသံများသည် တဖျပ်ဖျပ်၊ တခွပ်ခွပ်ဖြင့် ဆူညံရှုပ်ထွေးနေကြသည်။ ဝေမာနိကပြိတ္တာဘုံလို ညစံပြီးနေ့ခံ ရမည့် ဆုံရပ်ဆီသို့ တူညီသောအတွေးများဖြင့် ရွေ့လျားချီတက်နေသလို ပြောစရာစကားမရှိသည့်အလား နှုတ်ဆိတ်နေကြသည်။
တစ်ချို့ကခြေလှမ်းစိပ်စိပ်ဖြင့် မြန်မြန်လှမ်းကြသည်။ ထိုအခါတွင် သူတို့၏ခါးအထက်ပိုင်းမှကိုယ်ခန္ဓာများသည် ခြေလှမ်းအလိုက်သိမ့်သိမ့် ခါနေကြသည်။ တစ်ချို့က ခြေလှမ်းကျဲကျဲဖြင့် စွေ့ကနဲ၊ စွေ့ကနဲနေအောင် လှမ်းကြသည်။ မည်သို့ပင်လှမ်းလှမ်းတူညီသော အမြန်နှုန်းများ ဖြင့်ချီတက်နေကြသောကြောင့် တစ်ယောက်ကိုတစ်ယောက် ဖြတ်ကျော်ရန်ခဲယဉ်းလှသည်။ လူ့အာဂတချို့မှာကျော်တက် အံ့ဟူသော ရည်ရွယ်ချက်ဖြင့် ခြေလှမ်းနှုန်းကိုတင်လိုက်သော်လည်း ရှေ့မှတစ်ယောက်ကအကြံကိုရိပ်မိသွားဟန်ဖြင့် ထို့ထက်မြန်အောင် အရှိန်တင်လိုက်သောကြောင့် ပြေးမှသာလျှင်ကျော်တက်နိုင်ပေတော့မည်။ တစ်ချို့စံချိန်ရှင်တစ်ချို့မှာတစ်ယောက်ပြီးတစ်ယောက် ကျော်ဖြတ်လာနိုင်သော်လည်း မီးပွိုင့်သို့ရောက်လျှင် နောက်မှလိုက်လာသူများနှင့် အတူတူဖြစ်သွားတတ်သဖြင့် မီးပွိုင့်လွတ်အောင်ရှောင် ရေးဟူသောတာဝန်ကိုပါ ယူထားရသောကြောင့် သာမာန်ထက်အလောတကြီးဖြစ်နေတတ်ကြသည်။
ထူးခြားချက်မှာ လူအားလုံး၏မျက်နှာများမှာမူ စက်တစ်ခုထဲမှရိုက်ထုတ်လိုက်သော ရုပ်ရှင်ကြော်ငြာစာရွက်ကဲ့သို့တသွင်တည်း၊ တစ်ပုံစံတည်းဖြစ်နေကြခြင်းပင်။ မျက်လုံးများသည် ရှေ့တည့်တည့်ကြည့်ခြင်းမရှိဘဲ ရှေ့မှလူ၏ ခြေသလုံးကိုသော်လည်းကောင်း၊ ကျောပြင်ကိုလည်းကောင်း ဦးတည်လျက်အိပ်မွေ့ချခံထားရသူလို ကြောင်တောင်တောင်ဖြစ်နေကြသည်။ ခံစားချက်ကင်းမဲ့နေသော မျက်နှာများသည် ခြယ်သထားသောအကောင်းစားမိတ်ကပ်များကြောင့် အလှပြထားသော အရုပ်လိုဆွဲဆောင်မှုကင်းမဲ့နေသည်။ ဤသူများသည် တိုးတက်နေပါသည်ဆိုသော မြို့ပြလက္ခဏာ၏ပြယုဂ်များဖြစ်သည်။ အရှိန်ကြီမားစွာ လည်ပတ်နေသောစီးပွားရေးစနစ်၏ ခွေးသွားစိတ်ကလေးများဖြစ်ကြသည်။ အရှိန်တစ်ခုတည်းသို့ပူးပေါင်းပါဝင်လာသော ဒြပ်ဝတ္တုတစ်ခုသည် ထိုအရှိန်နှင့်တစ်ပေါင်း တစ်စည်းတည်းဖြစ်သွားသကဲ့သို့ အရှိန်ပြင်းစွာလည်ပတ်ခုတ်မောင်းနေသော စနစ်ကြီးတစ်ခုထဲတွင်နေသားကျနေကြသည်။ သူတို့ကိုသူတို့ အရှိန်နှင့်တပါတည်းလိုက်ပါလည်ပတ်နေရသည်ဟုမထင်ကြတော့။ အရှိန်အဟုန်ထဲမှထွက်ဖို့ကြိုးစားသူများ၏ ဘ၀မရေမရာဖြစ်မှုကို သူတို့ကိုယ်တိုင်လည်းတွေ့ကြုံဖူးကြသည်။ ထို့ကြောင့်သူတို့ကိုယ်တိုင်နေသားကျနေသော စနစ်ထဲမှလွတ်မြောက်ဖို့ စိုးစဉ်းမျှမတွေးကြ။ တွေးစရာလည်းမလိုဟု ယူဆထားကြသည်။ သူတို့၏အဘိုး၊ အဘွားမှစ အဖေ၊ အမေ ကိုယ်တိုင် ဒီလမ်းအတိုင်းလျှောက်ခဲ့ကြရသည်။ ယခုလည်းမိမိတို့ကိုယ်တိုင်ဒီလမ်းကိုလျှောက်နေသည်။ ဒီလိုနှင့်သူတို့သည်မနက်ခင်းပေါင်းများစွာ ကိုဘူတာရုံကိုလမ်းလျှောက်ခြင်းဖြင့်စတင်ခဲ့ကြသည်။ ဘူတာရုံမှတဆင့်လုပ်ငန်းခွင်အသီးသီးသို့ဝင်ကြရသည်။ ဤသို့ဖြင့် ပစုပ္ပန်သည် မကြာခင်အတိတ်ဖြစ်၍ အနာဂတ်သည်မိမိတို့ဆီကို ရောက်လာကြလိမ့်မည်။ ကာလသုံးပါးစလုံးကို အကြင်သူတို့သည်တိတ်ဆိတ်စွာဖြင့် အပြောင်းအလဲမရှိကျော်ဖြတ်ဖို့ကြိုးစားကြလိမ့်မည်။ ဒီလိုနှင့်သူတို့၏ နေ၀င်ချိန်ရောက်လာပါတော့မည်။ သူတို့၏ခြေလှမ်းများသည် မြန်ရာမှနှေးလာပေတော့မည်။ ကျော်တက်ဖို့ကြိုးစားသူများကိုလည်း နားလည်ခွင့်လွှတ်စွာဖြင့် ဦးစားပေးတတ်လာလိမ့်မည်။ တစ်သက်လုံးလျှောက်သော်လည်းဘယ်တော့မှဆုံးမည့် လမ်းမဟုတ်ကြောင်းသိလာရသူအဖို့ အဘယ်မှာလျှင်အမြန်လိုစရာ ရှိတော့အံ့နည်း။ မိမိတို့ကိုယ်တိုင်လုံးဝမလျှောက်နိုင်တော့သောအချိန်တွင်လည်း လမ်းလျှောက်သူများရှိနေဦးမည်သာတည်း။ ထိုသူများ ကိုယ်တိုင်လမ်းပေါင်းများစွာကို တစ်ကိုယ်ရည်လျှောက်လှမ်းပေရအံ့။ ထိုလမ်းများသည် ဘယ်တော့မှဆုံးမည့်လမ်းမဟုတ်ကြောင်းကို တစ်ချိန်ချိန်တွင် သိလာကြပေအံ့။ ထိုကဲ့သို့သိလာချိန်တွင် အရာရာသည်ပြင်ဆင်ဖို့နောက်ကျသွားပြီဖြစ်ကြောင်းသိလာကြပေအံ့။

(ဘူတာသို့အသွား ပေါ်လာသောရောက်တတ်ရာရာစိတ်ကူးအတွေးများကို စာလုံးအဖြစ်ပြောင်းထားခြင်းဖြစ်ပါကြောင်း)

Read More...

Tuesday, October 28, 2008

ကျွန်တော်ပြောချင်သော အရိမဒ္ဒန

မသက်ဇင်ရေ.. ဆိုရေးရှိက ဆိုအပ်စွ ဆိုတဲ့စကားဟာ တာဝန်မကင်းရာမကင်းကြောင်းသူတွေအတွက်ဆိုလိုတာဖြစ်ကောင်းဖြစ်ပေမယ့် မသက်ဇင်ရဲ့ ၀တ္တုအတွက် ကျွန်တော့်မှာ ဝေဖန်ဖို့တာဝန်လုံးလုံးမရှိကြောင်းကို အရင်ဝန်ခံလိုကြောင်းပါ။
ဒါပေမယ့် သူတစ်ပါးရေးပြီးသားအကြောင်းတွေကို တဆင့်ပြန်တင်ပြထားခြင်းမျိုးထက် ကိုယ်တိုင်ဖန်တီးတင်ပြမှုအားသာပုံကိုတွေ့ရတဲ့အတွက် သာမာန်ထက်ပိုပြီးအချိန်ပေးအာရုံစိုက်ရမှာပါ။ ဒါပေမယ့် ရေးထားတဲ့ အရိမဒ္ဒန Comment တွေကိုကြည့်လိုက်တော့အကုန်လုံးက ၀ိုင်းပြီး ကောင်းကြောင်းရေးထားတာတွေ့ရတော့ မနာလိုစရာမရှိပေမယ့် အားနည်းချက်တွေရှိရဲ့သားနဲ့ တစ်ခွန်းမှ မပြောကြတာကိုအံ့အားသင့် မိတယ်။
ဒီဇာတ်လမ်းရဲ့အစက “ပုဂံရယ်၊ ဒီဇင်ဘာရယ်၊ အဘွားရယ် ကျွန်မ မသက်ဇင်ရယ် -(၁)”.. အဲဒီမှာရုပ်လုံးဖော်ထားတာက ကျွန်တော်နားလည်သလောက်ပြောရရင် မန္တလေးကို ဒီဇင်ဘာရောက်တိုင်းအလည်သွားတတ်တဲ့အဘွားနဲ့အတူ မသက်ဇင်ပါနေကြပေါ့။ ရောက်တိုင်းလည်း ပုဂံကိုသွားတတ်ကြတယ်၊ မြေးမလေးအပေါ်အဘွားလုပ်သူက ပညာတတ်ပီပီအရိုအသေမတန်စေဘဲ သူငယ်ချင်းလို ရင်းနှီးစေပြီး အဘွားတစ်ယောက်လိုဆက်ဆံတယ်ဆိုတဲ့အပိုင်းကပေါ်လွင်မှုရှိပါတယ်၊ အဲဒီအပိုင်းက သွားအတူလာတူစိတ်ညီကိုယ်ညီရှိ တာရယ်၊ ဗဟုသုတပိုင်းကုံလုံကြွယ်ဝစွာနဲ့ မသက်ဇင်သိလိုသမျှကိုရှင်းလင်းပြောပြနိုင်တာကိုကြည့်ခြင်းအားဖြင့် စာဖတ်သူအား ဇာတ်ကောင်များရဲ့ ဆက်ဆံရေးကိုသိစေပါတယ်။ ဒါပေမယ့်အားနည်းချက်က ဇာတ်ကောင်တွေရဲ့ Character ကိုပိုပြီးထင်ရှားစေတဲ့ နောက်ခံဘ၀ပုံရိပ်တွေမပါပါဘူး၊ စာရေးသူအနေနဲ့ မန္တလေးကို နှစ်တိုင်းအလည်လာတဲ့အဘွားလောက်ပဲ ပြောထားရုံနဲ့ အဘွားပြောတဲ့ပုဂံသမိုင်းကြောင်းဆိုင်ရာတွေကို စာဖတ်သူတွေအနေနဲ့လက်ခံဖို့သြဇာကျဆင်းစေပါတယ်။ ဥပမာ.. အဘွား ဟာ သမိုင်းဘာသာသင်ကြားတဲ့ အငြိမ်းစားကထိကတစ်ဦးဖြစ်နေခဲ့မယ်ဆိုရင်တော့ ပုဂံကိုသံယောဇဉ်မပြတ်လို့ အမြဲသွားနေရသလို အဘွားကျေးဇူးကြောင့် မသက်ဇင်ပါပုဂံကို မြတ်နိုးခဲ့ရတာပါဆိုရင် တင်ပြပုံ ပိုလှနိုင်ပါတယ်။ ပြီးတော့ပုဂံနဲ့ပတ်သက်ပြီး သမိုင်းပုံရိပ်တွေကို တင်ပြရာမှာ ခရီးသွားလမ်းညွှန်ရှင်းသလို တစ်ခုရောက်တိုင်း သမိုင်းဆိုင်ရာစာကိုးစာကားများစွာဖြင့် စာရေးသူ၏လေ့လာအားကို အသိအမှတ်ပြုစေလိုသည့်သဘောမျိုးတွေ့နေရပါတယ်။ ခရီးသွားဆောင်းပါးဖြစ်နေလျှင် အကြောင်းမရှိပေမယ့် ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ပုဂံနောက်ခံအချစ်ဇာတ်လမ်းအဖြစ် ဦးတည်ထားပုံရသောကြောင့် ဆရာချစ်ဦးညိုတို့လို သမိုင်းဆိုင်ရာအချက်အလက်ကိုသိမ်မွေ့စွာတင်ပြသင့်ပါတယ်။ အဓိကအားဖြင့် စာလေးစေသော ကျမ်းစကားများကို မူရင်းဇာတ်ကြောရိုးမထိခိုက်အောင်တင်ပြခြင်းအားဖြင့် အထူးဂရုစိုက်စေလိုပါတယ်။
ယခုမှရောက်ဖူးသူများလို ဘုရားပုထိုးများလေ့လာကြည့်ရှုခြင်း၊ မှတ်စုထုတ်မှတ်သားခြင်း၊ မေးမြန်းဆွေး နွေးခြင်းများသည် အကြိမ်ကြိမ်လာခဲ့သည် ဆိုသော စာရေးသူ၏အာဘော်ကို အားနည်းစေပါတယ်။ ပြီးတော့ မသက်ဇင်အနေဖြင့် သမိုင်းဆိုင်ရာဘွဲ့စာတမ်း တင်လိုသောကျောင်းသူ တစ်ယောက်မဟုတ်ပါဘဲနှင့် ဘာရည်ရွယ်ချက်နဲ့ လေ့လာနေသလဲဆိုတဲ့အပေါ် ၀ါသနာပါရုံသက်သက်ဟု ကောက်ချက်ဆွဲနိုင်ရန်မဖြစ်နိုင်ပါ။ ပြီးတော့ ၂၅ ခေါက်တောင်လာရလောက်အောင် ပုဂံမှာ ဘယ်လိုထူး ခြားတဲ့ ဆွဲဆောင်မှုတွေရှိ နေကြောင်းတင်ပြထားတာမတွေ့ရပါဘူး။ အဲဒါထက်ပိုပြီးဆိုးတာက အဘွားရဲ့အသက်အရွယ်နဲ့ မြေးရဲ့အသက်အရွယ် ကိုထိန်ချန်ထားခြင်းပါဘဲ။ ဘာကြောင့်ဆိုသော ဇာတ်ကောင်စရိုက်တွေဟာ အသက်အရွယ်ပေါ်ကို အမှီပြုပြီးထင်ရှားလာရလို့ဘဲဖြစ် ပါတယ်။ အဘွားဟာ ၇၅ နှစ်ဆိုရင်လည်း အရွယ်အားလျော်စွာရှိနေတဲ့ စရိုက်လက္ခဏာတွေနဲ့ ရည်းစားထား ဖို့တောင်အရွယ်ရောက်နေတဲ့ မြေးဖြစ်သူရဲ့ ခံယူချက်နဲ့ အတွေးအခေါ်ပိုင်းတွေကို စာရေးသူအနေနဲ့တင်ပြဖို့ပျက်ကွက်ခဲ့ပါတယ်။
ဒါမှသာ ပတ်ဝန်းကျင်အပေါ်တုန့်ပြန်မှု၊ လူတွေပေါ်အမြင်စတာတွေဟာ စရိုက်အားလျော်စွာ ထင်ရှားလာပါလိမ့်မယ်။
“ပုဂံရယ်၊ ဒီဇင်ဘာရယ်၊ အဘွားရယ် ကျွန်မ မသက်ဇင်ရယ် -(၅)” မှာ အောက်ပါစာသားများကိုကြည့်ပြီးပြုံးမိပါတယ်။
“ကျမ တို့ မြေး အဘွား မမြင် လိုက်ခြင်း မှာ ထို ကင်မရာ ဆရာ ပြောင်းဖူး ခင်း ထဲ တွင် ကွယ်နေသည် ဖြစ်မည်။ ” မသက်ဇင်ရေ . ဘာလို့ဒီလိုရေးလဲဆိုတာကို သဘောပေါက်ပါတယ်၊ လူတစ်ယောက်ကိုကွယ်စေတာ တံတိုင်းတစ်ခုလည်းဖြစ်နိုင်သလို အရိပ်ကောင်းတဲ့ သစ်ပင်ခပ်ကြီးကြီးကြောင့်ဆိုလည်းဖြစ်နိုင်ရဲ့သားနဲ့ ကင်မရာဆရာကို ပြောင်းခင်းထဲမှာ သွားနေခိုင်းတာ လုပ်စရာတစ်ခုပဲရှိတော့သဗျို့။
ပြီးတော့ကာယကံရှင်မသိဘဲ ဓါတ်ပုံခိုးရိုက်ရလောက်အောင် စာရိတ္တပိုင်းဆိုင်ရာချွတ်ယွင်းမှုကို အဘွားကိုယ်တိုင်က သဘောကျကြောင်း ပြောတာကိုလည်းအံ့သြမိပါရဲ့။
ပြီးတော့ နောက်တစ်နေ့ကျတော့ ချက်ချင်းရည်းစားစာကောက်ပေးတာကို ခံရလိုက်တဲ့ လုံမပျိုလေးအနေနဲ့ ရှက်သွေးအရင်ဖြန်းနေမယ့် အစား ဒေါသသွေးအရင်ဖြန်းသင့်ပါတယ်။ အဲဒီအချိန်ကနေစပြီးတော့ ဇာတ်လမ်းက ဟုတ်မလိုလိုနဲ့ရှော်သွားလိုက်တာ အစကောင်းပေမယ့် အနှောင်းပိုင်းကို ထိခိုက်မှတောင်စပြီးစိုးရိမ်ရပါတော့တယ်။
“လှပ နက် ရှိုင်း သည့် စကားလုံး တွေ ကို ကွယ် ဝှက် ထား တတ် ကြ တဲ့ ယောင်္ကျား တယောက်ရဲ့ ပုံစံ ဟာ အ သုံး မကျ ရာ ဖြစ်နေ တတ်ပြီး လူတွေ က အထီးကျန်လို့ မြင်နေ ကြတာပါ-- တကယ် တော့ သူတို့ မှ မသိ ပဲ ကိုး --- အထီးကျန် သူ တယောက် ရဲ့ အနား မှာ ဖတ်စရာ စာအုပ်တွေ ရယ်----မြန်မာဆန်လွန်း သည့် ဆံပင် ရှည် ရှည် အရပ် မြင့်မြင့် နဲ့ မိန်းခလေး တယောက် ရဲ့ ဓါတ်ပုံတွေ ရယ် --- ရှိနေ ကြတာ ကို သူတို့ မသိကြ ဘူး လေ ----။” ကောင်လေးရဲ့ပထမဆုံးပေးသောရည်းစားစာထဲမှာ ဘယ်လိုမှရိုးသားပြေပြစ်သော အရေးအသားကိုမတွေ့ရပါဘူး။ ဆိုလိုရင်းက လူတွေကသူ့ကိုအထီးကျန်ဆန်တယ်လို့ထင်နေကြပေမယ့် သူ့ဘေးနားမှာ ဆံပင်ရှည်ရှည်အရပ်မြင့်မြင့်မိန်းကလေးတစ်ယောက်ရဲ့ဓါတ်ပုံတွေနဲ့အတူ အဖော်အဖြစ်ရှိနေပါတယ်လို့ ပြောပြတာပါ။ ဒါပေမယ့် အဲဒီဓါတ်ပုံတွေဟာ မနေ့ကမှခိုးရိုက်ပြီး ညတွင်းချင်းမီးလာတဲ့ဆိုင်မှာ(မီးပြတ်နေခဲ့ရင်) သွားပြီး ဆေး၊ကူး ထားတာဖြစ်ကြောင်း စာဖတ်သူများလည်း သတိပြုမိလိမ့်မယ်ထင်ပါတယ်။
“ဘွားဘွားကို ကျမ လှမ်းကြည့်လိုက်တော့ ဘွားဘွားက ကျမအား ငေးစိုက်ကြည့်နေသည်----မေး ခွန်း တွေ မထုတ် သလို ကျမ ဘာလုပ် မှာလဲ --- ဒါမှ မဟုတ် ဘာပြောမှာလဲ ဟူသည့် ဘွားဘွား၏ အကြည့် အား ကျမ နား လည်လိုက် သည် --- နှင်းဆီနီ ပေါ် မှ ပတ်ထား သည့် ပလတ် စတစ် လေး ကို ကျမ အသာ အယာ ခွာ လိုက် ပြီး ကျမ ၏ ဆံပင်ရှည်တွေ ပေါ် ကလစ် တခု နှင့် ပန်ဆင် လိုက် ခြင်း သည် ကျမ ဘွားဘွားကို အဖြေ ပေးလိုက်ခြင်းပါပဲ။”
မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုကိုအင်မတန်မြတ်နိုးသောဘွားအေဖြစ်သူအားအဖြေပေးလိုက်ပုံမှာ အင်မတန်မှကို ထူးဆန်းလှပါပေ၏။ မေတ္တာ၏သင်္ကေတအဖြစ် ပေးသောနှင်းဆီပန်းကိုပန်ဆင်ပြလိုက်ခြင်းဆိုသည်မှာ သူ၏အချစ်ကိုလက်ခံလိုက်သည်ဟု ဆိုလိုရာမရောက်ပါသလော။ အဘွားလုပ်သူ၏တစုံတရာသော မှတ်ချက်မပါတော့ပြီလော။ အဘွားကို မိမိအုပ်ထိန်းသူအဖြစ်သတ်မှတ်ခြင်းမရှိလေသလော။ ဒါမှမဟုတ်ခေတ်မှီသောအဘွားဆိုသည်မှာ နိုင်ငံခြားယဉ်ကျေးမှုကိုဆိုလိုသလော။ ၁၈ နှစ်ပြည့်အရွယ်ရောက်သူများ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့်ရပ်တည်နိုင်ကြသောတိုင်းပြည်ထဲတွင် မြန်မာပြည်မပါဝင်ပါ။
မိမိကိုဓါတ်ပုံခိုးရိုက်ပြီး နောက်တနေ့ရည်းစာစာပေးသူအပေါ်အပြစ်မမြင်၊ အချစ်ဝင်ခြင်းသည် လုံမပျိုလေး၏သိက္ခာကို အပြင်းအထန်ထိခိုက် ကြောင်းအသိပေးပါရစေ။

(ဆက်လက်ဝေဖန်အကြံပြုပါဦးမည်)

Read More...

အရက်သောက်သူများအကြောင်း



သြော် .. သင်းတောင်ပြန်ရောက်မှကိုး ... လေသံကြားကတည်းက မကောင်းမှုတစ်ခုခု လုပ်တော့မယ်ဆိုတာသိလိုက်ပါ့ ... “ဟေ့.. ငါမနက်ဖြန်လာခဲ့မယ် .. ဟိုကောင်တွေ လည်းခေါ်ထားတယ် .. ငါဆက်ဆက်လာခဲ့မယ်နော့်..” “အေး .. အေး .. လာခဲ့ပေါ့လကွာ .. တွေ့ကြတာပေါ့ ..”နှစ်ကောင်အရင်ရောက်လာသောအချိန်တွင် ကျွန်တော်အိပ်ပျော်နေသည်။ အိပ်ယာမှ အတင်းလူးလဲထ .. လာကြ.. လာကြ .. ငါ့ကောင်တွေ .. လိမ္မော်သီးတစ်လုံးကို အခွံခွာ ပြီးဝေကျွေးတော့လည်း တစ်ခွန်းမှမငြင်းဘဲ စားလိုက်ကြသည်။ သြော် ..အားနာစရာ .. ဟန်ဆောင်စရာမလိုသော သူငယ်ချင်းဘ၀၏ ရိုးသားမှုကို လိမ္မော်သီးတစ်လုံးမှာတွေ့လိုက်ရ ... အစိတ်အပိုင်းမှန်သမျှအကုန်“လုံး”နေသော သူငယ်ချင်းတစ်ယောက်က ဆိုဖာပေါ်တွင်ခြေပစ်လက်ပစ်ထိုင်ရင်း ရသမျှအချိန်ကို အကျိုးရှိရှိယူနေသလို ခေါင်းစုတ်ဖွားနှင့် တကာရှင် အညာသားမှာ လုပ်ရလတ္တံသော သုရာမေရာရကံ ကျုးလွန်ပွဲအတွက် စိတ်အားထက်သန်နေပုံရသည် ...
လာကြဟေ့ .. ဒို့တိုက်အောက်ဆင်းကြစို့ .. ဟိုကောင်လည်းလာနေပြီ .. ဆင်းပြီးစောင့်ကြစို့ရဲ့ ... ဒီနေရာပဲကွာ .. နေရာက ဘယ်လောက်မိုက်လိုက်သလဲ .. မင်းဒီကစောင့်နေနော် .. ငါတို့သွားပြီး ဈေးနည်းနည်းဝယ်လိုက်ဦးမကွ .. “၀”လုံး ကောင်ကို အစောင့်ထားခဲ့ပြီး ဒို့တွေဈေးသွား .. အိမ်အတွက် ၀က်သား တစ်ဆယ်သားလောက် ၀ယ်ဖို့ လက်တွန့်တဲ့ဒို့ယောင်္ကျားတွေ ဒီလိုကိစ္စမှာ ရက်ရောကြတာ ဘာကြောင့်ပါလိမ့် ... တီ .. တီ .. တီ ... ဖုန်းလာပြန်ပြီ ... သြော် .. မင်းတောင်ရောက်နေပြီလား ... အိုကေမန်း .. အဲဒီမှာ ရှိတယ် .. အဲဒီကိုသွားနှင့် .. ငါတို့ တော်တော်ကြာပြန်လာတော့မယ် .. အိုကေ .. အိုကေ ..
မှောင်စပျိုးလာပြီ .. ပတ်ဝန်းကျင်မှ လူတွေလည်းအသီးသီးအိမ်ပြန်ကြပြီ .. ကိုယ်ပိုင်ဘ၀နှင့် လုပ်စရာတွေအများကြီးရှိနေတဲ့ လူ့ငချွတ်ကလေးများ၏ မျက်လုံးများက ရီဝေလာကြပြီ .. အသွင်မတူသော ခံစားချက်များက စကားလုံးများအဖြစ်သွေးကြောများထဲ တွင်အစီအရီလှည့်ပတ်လျက်ရှိနေလေပြီ ... ရာသီဥတုဒါဏ်ခံထားရသော သစ်ငုတ်လိုပုံမှ တိုက်ပွဲတစ်ရာအောင်မြင်ထားသော စစ်သူကြီးတစ်ယောက်လို ကိုယ်ဟန်များက ထိုးထိုးထောင်ထောင်ဖြစ်လာကြသည် ... မိမိတို့ကိုယ်ကို အင်မတန်ကြီးကျယ်သူများအဖြစ် အထင်အမြင်ကြီးပြီး ကျန်သူများအား အထင်အမြင် သေးစိတ်များအဆမတန်ဖြစ်ပေါ်လာသည်။ အင်မတန်လေးနက်သော မျက်နှာထားများဖြင့် စကားလုံးတစ်လုံးချင်းစီကို စီစစ်ပြီး သေသေချာချာပြောဆိုကြသည်.. ထိုသူ၏စကားမဆုံးခင်မှာပဲ နားထောင်နေသူများက ပြန်လည်ကန့်ကွက်စကားဆိုရန် ပြင်ဆင်ပြီးဖြစ်နေသည် ...
ညဥ့်သည် တဖြည်းဖြည်းနက်လာသည် ... ပိန်ရှည်ရှည်တစ်ကောင်က ရုတ်တရက်ထအန်ရင်း နှုတ်ဆက်စကားဆိုသည် .. ငါပြန်တော့မယ်ကွာ .. ကားမမှီဘဲနေတော့မယ် .. အေး.. အေး .. ပြန်ပါကွာ .. ၀ရုန်းသုံးကားဖြင့် အရက်မူးပြီးပြန်တော့မည့်တစ်ယောက်ကို သူရဲကောင်းတစ်ယောက်သဖွယ် ဖက်ရမ်းနှုတ် ဆက်ရင်း ဘယ်လောက်အထိရင်းနှီးကြောင်းကိုပြသည် ...
ပု၀၀ တစ်ကောင်က ငါက Network king ဟုစကားအဆက်မရှိဘဲထပြောသည်.. ခေါင်းစုတ်ဖွားနှင့် အညာသားက တခစ်ခစ်ရယ်ရင်း ကျိန်ဆဲသည်.. ရှပ်လက်ရှည်ဝတ်ထားသော တစ်ယောက်က စက်ဆုတ်စွာကြည့်ရင်း လူချစ်လူခင်များအောင်နေဖို့ သတိပေးသည် .. ပုအိုင့်အိုင့်ငနဲက သူ့အဆိုကို ဘယ်လိုနည်းနဲ့မှရုတ်သိမ်းမည်မဟုတ် ကြောင်းကို မျက်နှာထားဖြင့် သက်သေပြသည် ... အညာသားမှ ပုဂံပြည်ကြီး တိုးတက် အောင်လုပ်ချင်ကြောင်း၊ နည်းလမ်းကောင်းရှိကြောင်းကို Chivas အားကိုးဖြင့်အော်သည်။ ပြီးမှ သူ၏အင်မတန်ခမ်းနားကြီးကျယ်သော အကြံအစည်ကို ပြန်လန့်သွားသည့်အနေဖြင့် အိုးတိုးအမ်းတန်းဖြစ်နေသည် ... ဗိုက်ရွှဲရွှဲနှင့် ငနဲက အင်မတန်တည်ကြည်လေးနက်သော လေသံဖြင့် ဆန္နမစောဖို့ပြောသည်။ သူကိုယ်တိုင်တောင်နားမလည်သော ဒဿနဆန်ဆန်စကားလုံးများကိုပြောသည်.. ငါတို့တွေမှာ ပိုက်ဆံရှိဖို့လိုတယ်ကွ ... ရှပ်ဆရာက စိတ်မကောင်းသောလေသံဖြင့် ပြောသည်။ သူ့ကို ကြည့်ရသည်မှာ ရှိရင်းအသက်ထက် မခန့်မှန်းနိုင်အောင်ပိုရင့်သွားသည် ထင်ရသည် ... ထပ်ပြောသည် ... ငါ့သူငယ်ချင်းတွေ ပိုက်ဆံလိုအပ်တိုင်းငါမချေးနိုင်တာ ၀မ်းနည်းလို့ မဆုံးဘူးဟုပြောသည်။ မျက်ရည်ဝိုင်း နေသောသူ့မျက်လုံးက ပျောက်နေသော မြော်လင့်ချက်ကိုရှာနေသလိုထင်ရသည်။
သူတို့၏စကားသံများသည် တိတ်ဆိတ်သောပတ်ဝန်းကျင်တွင် တိုးလိုက်ကျယ်လိုက်ဖြင့် မည်းနက်နေသောသစ်ပင်ချုံပုတ်များကြားတွင် ပျောက်ကွယ်သွားသည်။ ညဥ့်နက်လာသည်နှင့်အမျှ သူတို့၏စကားသံ လည်းတဖြည်းဖြည်းတိုးလာသည်။ အင်မတန်ခမ်းနားကြီးကျယ်သော သူတို့ကိုယ်သူတို့လည်းစတင်မုန်းတီးလာကြသည်။ ပြေစရာစကားရှားပါးလာသည်နှင့်အမျှ ယခုလောလောဆယ်ရပ်တည်နေရသော သူတို့၏စားဝတ်နေရေးမခိုင်မာပုံတို့ကို သတိရရင်းထိတ်လန့်လာကြသည်.. မနက်ဖြန်တွင် လုပ်ရမည့်အလုပ်ဇယားများ တန်းစီဝင်လာကြသည် ... ကြီးကျယ်မြင့်မြတ် သည်ဟုထင်ခဲ့သော သူတို့ဘ၀များ၏ နုံချာပုံက ကွက်ကွက်ကွင်းကွင်းပေါ်လာကြသည်။
နောက်ဆုံးတွင် သူတို့သည် တစ်ယောက်လက်ကို တစ်ယောက်တင်းတင်းဆုပ်ကိုင်ကြပြီး အမှောင်ထုအတွင်းသို့ တိတ်တဆိတ်ဝင်ရောက်ပျောက်ကွယ်သွားလေတော့သတည်း။

Read More...

Monday, October 27, 2008

တောမီးလောင် တောကြောင်လက်ခမောင်းခတ် (၂)

အရင်ဆုံး ပွဲစားမှတဆင့် ပတ်(စ်)ပုတ် လုပ်ရန်အတွက် ငွေခြောက်သောင်းပေးလိုက်ရသည်။ ပွဲစားနှင့်သူကိုယ်တိုင်ပါရန်ကုန်သို့တစ်ခေါက် လိုက်သွားရသည်။ သူ့လိုမျက်စိသူငယ်၊ နားသူငယ်နှင့် ရန်ကုန် ပတ်(စ်)ပုတ်ရုံးတွင် ပွဲစားဟူသော ကျားကြီးများ၏ဦးဆောင်မှုအောက်မှ ယုန်သူငယ်အလားရုံးရုံးဖြစ်နေကြသည်။ မီးရထားတွဲကြီးလို ပွဲစားသွားလေရာနောက်တစ်ကောက်ကောက်လိုက်နေကြသည်။ အနှီမောင် မင်းကြီးသား ကိုပွဲစားမှာကား နောက်လိုက်နောက်ပါရံရွေတော်များဝန်းရံခံစားနေသည့် ပြည့်ရှင်မင်းတရားကယ်တင်ရှင်ကြီးအလား ရင်တကော့ကော့၊ ခေါင်းတထောင်ထောင်ဖြစ်နေသည်။
ဟိုမှာနေ၊ သည်ကိုလာ၊ သည်လိုလုပ်အစရှိသဖြင့် စီစဉ်ညွှန်ကြားနေရသည့် သူ့ခမျာလည်း မသက်သာလှပါ။ မြန်မာလူမျိုးများကိုမြန်မာဘာသာဖြင့်အော်ဟစ်ပြောဆိုညွှန်ကြားနေသော်ငြား အမိန့်တည်းဟူသော စကားလုံးကို စာအားဖြင့်သော်မှ မကြားဘူးရှာကြသည့် တောသားတစ်စုမှ မျက်စိအကြောင်သားဖြင့် ပြူးငိုင်ငိုင်ပြန်ကြည့်နေမြဲဖြစ် သောကြာင့် အနည်းဆုံးနှစ်ခွန်းလောက်အော်မှ နားပေါက်ရှာကြလေသည်။ ထိုကဲ့သို့ အော်သံ၊ ခေါ်သံ၊ မြည်သံ၊ တွန်သံများပွက်ပွက်ညံလျက်ရှိသော ထိုကဲ့သို့သုံးနေရာလောက်ကို ရင်ဆိုင်ပြီးသကာလ သူ့အတွက် လယ်သုံးကွက်ကိုသာ တပြိုင်နက်ထွန်ချင်စိတ်ပေါက်ပြီး သည်လိုနေရာမျိုးကို နောက်ထက်မလာချင်လောက်အောင်စိတ်ကုန်သွားလေ တော့သတည်း။ သို့သော်ပြောင်လက်တောက်ပသော အနာဂတ်ကိုစိတ်ကူးယဉ်ပြီး ကုန်ခမ်းသွားသော အားအင်များကို ဖြည့်တင်းရလေ သည်။ သူ့အိပ်မက်ထဲတွင် သူသည် လယ်ကွက်အများကြီးပိုင်ဆိုင်သောသူကြွယ်ကြီးဖြစ်နေပေအံ့။ သူ၏ မဟေသီဒေ၀ီထိတ်ထား၏ ချေးလက်လေးသစ်တက်နေသော မည်းကျုတ်ကျုတ်လည်ပင်းပေါ်တွင် အုန်းဆုံကြိုးနီးနီး ဆွဲကြိုးကြီးမှာ ငါသည်သူဌေးမယားတည်း ဟူသောမာန်ကိုဖြစ်စေ၍ လှုပ်လှုပ်၊ လှုပ်လှုပ်ဖြစ်နေလေတော့အံ့။ ငညို၊ ငနီ နှင့် မလှ တည်းဟူသော သားသမီးသုံးယောက်မှာ ပတ်ဝန်းကျင်ရှိ ငဆွေး၊ ငပွေး၊ ငသန်း၊ ငလုံးစသော တေဖော်တေဖက်ကလေးများအပေါ်တွင် သူဌေးသားဟူသောမာနဖြင့် တင်တင်စီးစီးပြော ဆိုပေတော့အံ့။ ထိုအခါတွင်လက်မြန်ခြေမြန်ရှိသော ငညိုနှင့် ကလေးဗိုလ်ဖြစ်သော မိသန်းကြည်တို့သည်မကြာမီကာလ၌ရန်သတ်ကြ တော့အံ့။ ဒင်းကလေးတွေ၏ အရွယ်နှင့်မလိုက်အောင်ရုတ်ရင်းကြမ်းတမ်းသော ဆဲဆိုသံတို့သည် တရေးတမောအိပ်စက်နေသော မိမိ၏ စည်းစိမ်ကိုရန်ရှာလေသောကြောင့် အနီးရှိ ထမ်းပိုးကို စကြာပုံလည်စေ၍ ကလေးများရှိရာသို့ပစ်လိုက်တော့အံ့ဟု စိတ်ကူးယဉ်ရင်း လက်ကို ဝှေ့ယမ်းလိုက်မိလေတော့သတည်း

Read More...

Friday, October 10, 2008

တောမီးလောင်၊ တောကြောင်လက်ခမောင်းခတ် (၁)...

“ကျွန်တော် အင်္ဂလိပ်လိုတစ်လုံးမှနားမလည်ဘူး.. ရေးလည်းမရေးတတ်ဘူး.. ဘယ်လိုလုပ်ရမလဲဗျာ..”
ညှိုးငယ်သောမျက်နှာနှင့် အားကိုးတစ်ကြီးပြောလိုက်သူက လွန်ခဲ့သော သုံးရက်ခန့်မှ ကျွန်တော်အလုပ်လုပ်နေသော ကုမ္ပဏီသို့ရောက်လာသော လူများထဲမှ လူသစ်တစ်ယောက်ဖြစ်သည်။ ရာသီဥတုဒါဏ်ကိုခံထားရသော သစ်ပင်တစ်ပင်လို ရင့်ရော်ကြမ်းတမ်းလှသည့် သူ့သွင်ပြင်က မျက်နှာပေါ်တွင်ထင်းထင်းကြီးပေါ်နေသော ရိုးသားဖြူစင်မှုကိုတော့ ဖုံးကွယ်မထားနိုင်ချေ။ အညာပိုင်းမြေလတ်ဒေသလေးတစ်ခုမှ စင်္ကာပူသို့အလုပ်လုပ်ကိုင်ခွင့်ရရန် လျှောက်လှမ်းရသော အားထုတ်မှုလမ်းကြောင်းရှည်ကြီးသည် သူ့အတွက်မဟာစွန့်စားခန်းကြီးတစ်ခု။ သာမာန်တောင်သူတစ်ယောက်အဖို့ အရာရာသည်အသစ်အဆန်းနှင့် အခက်အခဲများစွာတည်း။
သူ၏ရိုးတာတာနိုင်လှသော ဘ၀ကွက်ကွက်ထဲမှ အပြင်လောကကို ထွက်ကြည့်ဖို့မည်သည့်အခါကမှ စိတ်ကူးမရှိခဲ့။ ဘယ်တော့မှလည်းပြောင်းလဲလိမ့်မည်မထင်ခဲ့။ သူသိသည်မှာ မိရိုးဖလာစပါးစိုက်ခြင်းနှင့် ရှေးလူကြီးသူမများနေထိုင်သွားခဲ့သည့် အစဉ်အလာများအတိုင်းသာ။
လူပျိုကာလသားဘ၀မှစတင်၍ယခုအသက်လေးဆယ်စွန်းစွန်းရှိလာသည့်တိုင်အောင်သူ့ဘ၀သည်ရိုးစင်းလွန်းလှသည်။ တံခါးကိုကန့်လန့်ထိုးအိပ်စရာမလိုသောပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့ရသူပီပီ ခေါင်းပုံဖြတ်ခြင်းကိုနားမလည်။ ဈေးကွက်စီးပွားရေးဆိုတာကြားပင်မကြားဘူး။ နိုင်ငံရပ်ခြားမပြောနှင့်၊ ရန်ကုန်ဆိုသည်မှာ သူ့လယ်ကွင်းဘေးမှဖြတ်သွားသော ရထားကြီးခရီးဆုံးရာနေရာလောက်ဟုသာနားလည်ထားသည်။ သူတို့ရွာမှ ပထမဆုံးပျောက်သွားသူမှ ရွာလူကြီး ဦးလူမွှေးသား “မြင့်သူ” ဖြစ်သည်။ ရွာ၏ကြေးရေတတ်လူတန်းစားထဲတွင်ပါဝင်သော မိဘများကြောင့် အလုပ်ကိုလက်ကြောတင်းအောင်မလုပ်ချင်သော မြင့်သူ တစ်ယောက် ရည်မှန်းချက်ကတော့ဖြင့်ကြီးပါပေ၏။ အရက်ကလေးတမြမြ၊ လေကလေးတစွာစွာဖြင့် အပေါင်းအသင်းပေါင်းစုံမှ သတင်းပေါင်းစုံကို ရွာသို့သယ်လာသူမှာ သူပင်ဖြစ်သည်။ “ညောင်တန်းရှည်က ဖိုးမောင်တို့၊ ၀ါးတရာက ကိုကြော့တို့ နိုင်ငံခြားမှအလုပ်သွားလုပ်ကြပြီတဲ့ ... ကိုယ်ကိုယ်တိုင်ဘာမှလုပ်စရာမလိုဘဲ ပွဲစားတွေက အကုန်စီစဉ်ပေးသတဲ့ ... တစ်လကို ခြောက်သိန်း လောက်အနည်းဆုံးရသတဲ့ ... အလုပ်ကလယ်ထွန်တာလောက်တောင် မပင်ပန်းဘူးတဲ့ ... ငါ့အဖေကိုလည်း ငါ့ကိုနိုင်ငံခြားပို့ဖို့ ပြောပြီးပြီတဲ့ ...”
ထိုအချိန်အထိ နားထောင်ကောင်းသော ပုံပြင်တစ်ပုဒ်ဟုသာသူ သဘောထားခဲ့သည်။ သူနှင့်ပတ်သက်လိမ့်မည်ဟုလည်းဘယ်တော့မှ မထင်ခဲ့ ... ထိုအချိန်မှစတင်၍ သူ၏ရွာကလေးနှင့် ပတ်ဝန်းကျင်ရွာများဆီသို့ လူစိမ်းများရောက်လာကြသည်။ ထိုလူစိမ်းများနှင့်အတူ စာရွက်စာတမ်းများ၊ ဓါတ်ပုံများ၊ အထောက်အထားများပါလာကြသည်။ သူတို့၏စကားများကို နားထောင်ရသည်မှာ အားရစရာကောင်း လှသည်။ သူတို့ကိုသူတို့ ကယ်တင်ရှင်ကြီးများဖြစ်သယောင်ပြောကြသည်။ မသိနားမလည်သော လယ်သမားများ၏ထုံအအနိုင်ပုံများကို လက်ညှိုးထိုးသည်။ ဒီအခွင့်အရေးကိုမှ မယူလျှင်လူဖြစ်ရှုံးတော့မယောင် ခေါင်းတခါခါ စုတ်တသပ်သပ်ဖြင့်ပြောသည်။ ဖင်ထဲရွှံ့တပိဿာ ၀င်မှထမင်းတနပ်စားရသော လယ်သမားဘ၀ကိုရှုံ့ချပြီး ထိုလယ်သမားများကျွေးသောထမင်းကိုစားသည်။
သူ့အတွက်ခေတ်ကြီးသည်စိမ်းကားလှသည်။ မမှန်ကန်သောမိုးလေ၀သကြောင့် ပျိုးပင်လေးတွေသေကုန်သည်။ အမေမုဆိုးမကြီး၏ ရင်ကွဲမတတ်ဆိုးနေသောချောင်းက သူ့နှလုံးသားကိုအဆက်မပြတ်ဖြစ်ညှစ်နေသလိုခံစားရသည်။ ပျိုးထပ်ချရန် မျိုးရှိလျှင်တောင်မှ ရေတင်စက်ငှားနိုင်သောအခြေအနေမရှိသောကြောင့် နာလန်ထူစရာမရှိ။ သူတို့လိုမိရိုးဖလာလယ်လေးမှအပ ခြေဗလာ၊ လက်ဗလာသမားမျာ အဖို့ သဘာဝတရား၏မျက်နှာသာပေးမှုမှလွဲ၍ အားကိုးစရာမမြင်။ တရိပ်ရိပ်တက်နေသော ကုန်ဈေးနှုန်းများကြားတွင် ကလေးသုံးယောက်ဖခင်သူ့အဖို့ လှော်ရင်းနစ်ရတော့မလိုဖြစ်နေသည်။
“ခင်ဗျားစဉ်းစားပေါ့ ကိုတင်ထွန်းရာ ... အခုလူကပြည့်ခါနီးနေပြီ .. အရေအတွက်ပြည့်သွားရင်ခင်ဗျားကိုကျွန်တော်မကူညီနိုင်တော့ဘူး ... ဘာ.. အင်္ဂလိပ်လိုမပြောတတ်ဘူး..ဟုတ်လား ..ပူတတ်ရန်ကောဗျာ.. ခင်ဗျားအလုပ်လုပ်ဖို့သွားပဲဟာ ... စကားပြောဖို့သွားတာမှမဟုတ်တာ ... ဟိုကျသူ့ဘာသာသူဖြစ်သွားမှာပေါ့ ... ပွဲစားခများတယ် .. ဟုတ်လား ..ခင်ဗျားဗျာ.. ဒီလောက်ငွေကိုရှာဖို့ဒီမှာသာခက်တာဗျ.. ဟိုမှာဆိုရင် ခင်ဗျားအေးအေးဆေးဆေးရှာလို့ရတယ် ... သြော် .. ဒါလား .. ဟိုရောက်မှစီစဉ်ပေးမှာပေါ့ .. ခင်ဗျားဘာမှပူစရာမလိုဘူး ... ”
ပွဲစား၏ “ဟိုမှာ” သည်ကြားရသောသူ့အဖို့ မစားရ၀ခမန်းအားရစရာကောင်းလှသည်။ “ဟိုမှာ” သည်ပင်သူ၏တခုတည်းသောထွက်ပေါက် ဖြစ်သည်။ “ဟိုမှာ” နေ၍ သူ့မိသားစု၏ ဘ၀ရှေ့ရေးကိုပိုကောင်းအောင်ဖန်တီးနိုင်တော့မည်။ နောက်ဆုံးတော့ “ဟို” အတွက် ဘိုးစဉ်ဘောင်ဆက် အမွေဆက်ခံခဲ့သော လယ်လေးများကို အပြီးရောင်းလိုက်ရသည့်အပြင်အိမ်ဂရန်ကိုပင်ပေါင်လိုက်ရသည်။ အို .. ဘာဖြစ်လဲ.. “ဟို”ရောက်ရင်အဆင်ပြေသွားမှာပေါ့ ...
သူ၏ “ဟို” သွားရေးမဟာစွန့်စားခန်းကြီး စတင်လေပြီ ... (ဆက်ရန်)

(တကယ့်အဖြစ်အပျက်ကိုအခြေခံထားသောယခုဇာတ်လမ်းကို အခန်းဆက်အဖြစ်ဆက်လက်ရေးသွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်)

Read More...