Tuesday, May 11, 2010

ထိုအမယ်အိုအကြောင်း..


အမယ်အိုသည် ရှိနေသည်။ ကျွန်ုပ်တို့၏ အမယ်အို သည် အဲဒီနေရာတွင်ရှိနေဆဲဖြစ်ပါသည်။

ထိုအမယ်အိုသည် တိတ်ဆိတ်သော ကမ္ဘာငယ်လေးထဲတွင် အထီးကျန်စွာ ရှင်သန်နေဆဲဖြစ်ပါသည်။ ဒီအချိန်တွင် အမယ်အို၏ သေးကွေးပိန်လှီလှသော လက်ကလေးဖြင့် တစုံတခုကို မ ၍သော်လည်းကောင်း၊ တွန်း၍သော်လည်းကောင်း ဖြည်းလေးစွာလှုပ်ရှားနေပါလိမ့်မည်။ သို့တည်းမဟုတ် အဆာလွန်နေပြီသော နွမ်းလျလျကိုယ်ခန္ဓာဖြင့်မှောင်ရိပ်သန်းနေသော နံရံထောင့်ချိုးတနေရာတွင်မှီထိုင်ကောင်းထိုင်နေပါလိမ့်မည်။တချိန်ကနက်မှောင်သန်စွမ်းဟန်ရှိခဲ့သော ထိုအမယ်အို၏ ဦးခေါင်းမှ ဆံပင်များသည် ဇရာအမှတ်အသားအဖြစ် ဖြူတချို့၊ နီတချို့ ဖြင့်ကြောင်ကြောင်ကြားကြားအကွက်များလည်းဖြစ်နေခဲ့ပါပြီ..
စားဝတ်နေရေးတည်းဟူသော လူ့လောကလိုအပ်ချက်ကြီးကြောင့် ထိုအမယ်၏ လူသားဖြစ်ခွင့်များလည်း တစ်စစီဆုံးရှုံးခဲ့ပါပြီ.. တချိန်ကစွမ်းခဲ့သောအင်းအားများသည်လည်းကောင်း၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှု သည်လည်းကောင်း၊ မိမိကိုယ်ကိုယ်ယုံကြည်ကိုးစားမှုသည် လည်းကောင်း တိုင်တည်အားထားစရာ မိခင်ကြီးကွယ်လွန်ခဲ့ချိန်မှစတင်၍ ထိုအမယ်အိုအား စွန့်ခွာသွားခဲ့ပါလေပြီ..
ထိုအမယ်အို၏ဘ၀တာသည် အင်မတန်ရိုးစင်းလှပေသည်။ သူ၏ရိုးတာလှသော ဘ၀အခြေအနေကဲ့သို့ပင် သူကိုယ်တိုင်သည်လည်း ခပ်စင်းစင်းပင်တွေး၍ ခပ်စင်းစင်းပင်လုပ်ကိုင်မြဲဖြစ်သည်.. ကျွန်ုပ်တို့၏ ဘ၀နှင့် အတွေးအခေါ်ပြောင်းလဲမှုအတိုင်းပင် ကျွန်ုပ်တို့ကိုယ်တိုင်လည်း ပြောင်းလဲသွားပြီဟုထင်ရပေသည်။ သို့သော်ထိုအမယ်အို၏ရှေ့သို့ကျွန်ုပ်တို့ပြန်ရောက်ချိန်တွင် အတိတ်သည် မိမိတို့နှင့်မည်မျှပင်ဝေးကွာပါစေ၊ ထိုအမယ်အို တည်းဟူသော ခနော်ခနဲ့တံတားလေးဖြင့် ကျွန်ုပ်တို့၏ အတိတ်ဘ၀ကို အလွယ်တကူ ကူးသန်းရောက်ရှိနိုင်ခြင်းလောက် အံ့သြဖွယ်ရာမျိုးမရှိတော့ပေ..

ထိုအမယ်အိုသည် ကျွန်ုပ်တို့၏ပျောက်ဆုံးသွားသော ငယ်ဘ၀ချမ်းမြေ့သာယာမှုများ၏ သက်သေတည်း..
ထိုအမယ်အိုသည် ကျွန်ုပ်တို့၏ကိုယ်ချင်းစာတရားကို မွေးဖွားပေးရာ ရင်ခွင်တစ်ခုပါတည်း..
ထိုအမယ်အိုသည် အတိတ်နှင့် ပစ္စုပ္ပန်ကို ဆက်စပ်ပေးရာ တံတားအိုလေးတစ်စင်းဖြစ်သတည်း..

အမယ်အိုသည်ရှိနေသည်။ ကျွန်ုပ်တို့၏ အမယ်အို သည် အဲဒီနေရာတွင်ရှိနေဆဲဖြစ်ပါသည်။

သင်ရှာလိုလျှင် မှောင်ရီရီနံရံထောင့်ချိုးများတွင် အသေအချာဂရုစိုက်၍ကြည့်ပါ..
ပူလောင်အိုက်စက်သောအချိန်တွင် လေကွယ်သောနေရာများနှင့် ခြင်သံတ၀ီဝီ ဆူညံနေသော နေရာများကိုလည်း အသေအချာကြည့်ပါ..နောက်ဖေးမီးဖိုချောင်မှ တိတ်တဆိတ်ငိုရှိုက်သံကြားလျှင်လည်း အဲဒီနေရာကိုသွားကြည့်ပါ.. ခုံအောက်တွင်ဖွက်ထားသောအင်္ကျီ အနွမ်းလေးများကိုတွေ့လျှင်လည်း ထိုနေရာကိုမှတ်သားထားပါ.. ဆူပူမာန်မဲသံကြားလျှင်လည်း အဲဒီနေရာကို သွားကြည့်ပါ..

အမယ်အိုသည်ရှိနေသည်။ ကျွန်ုပ်တို့၏ အမယ်အို သည် အဲဒီနေရာတွင်ရှိနေဆဲဖြစ်ပါသည်။

လောကတွင်ပြောဆိုနေကြသော စကားအရာများနှင့် လူ့ဝတ္တရားများသည်အမယ်အိုနှင့်မဆိုင်တော့ပါ..
ယုတ်စွအဆုံး စကားပြောခြင်းအရာသည် နားထောင်မည့်သူမရှိ၊ အလေးထားသူမရှိသောအချိန်တွင် အကြင်သူအတွက်အသုံးဝင်ပါဦးမည်လော.. ထို့ကြောင့် အမယ်အို သည်နောက်ပိုင်းတွင် စကားမပြောတော့ပါ.. မပြောမဖြစ်၍ပြောရမည်ဆိုလျှင်လည်း အဆင်မချောတော့ပါ..
ငိုကြွေးခြင်းကို အပြစ်တစ်ခုအဖြစ်ယူဆသော ပတ်ဝန်းကျင်တွင် အမယ်အို၏မျက်ရည်များသည်လည်း ခန်းခြောက်သွားပါတော့သည်.. သန်းခေါင်ယံအချိန်လူမသိသူမသိ မိုးထစ်ချုန်းရွာသကဲ့သို့ အမယ်အိုလည်း လူခြေတိတ်ချိန်တွင် မျက်ရည်လူးသောအိပ်မက်ဆိုးများကို တစ်ယောက်တည်းမက်ခဲ့သည်မှာလည်းကြာခဲ့ပါပြီ.. တစုံတရာဝေဒနာကြောင့်ညည်းတွားဖွင့်ဟခွင့်မရသောဘ၀တွင် အပူရုပ်ကိုဟန်လုပ်ပြီး ကြုံလှီသေးငယ်သော ခန္ဓာဝန်ကို ညအိပ်ယာဝင်ချိန်ရောက်သည်အထိ သည်းခံစောင့်ရှောက်ရင်း တကိုယ်တည်းလည်း ညည်းတွားတတ်ခဲ့ပါပြီ.. ပျောက်ဆုံးနေသော အနာဂတ်အတွက်ကြောင့်ကြမဲ့နေရင်း အတိတ်၏အရိပ်မှာ ကျင်လည်ကျက်စားနေသောအာရုံတွေကြောင့်လည်း အမေ့မေ့လျော့လျော့လည်းဖြစ်နေခဲ့ပါပြီ.. ထားရာနေ၊ စေရာသွားဘ၀တွင် အသားကျနေသောကြောင့် ဘယ်အရာမဆို (သက်ရှိ၊ သက်မဲ့) အပါအ၀င် မိမိထက်တန်ဖိုးရှိပြီး အသုံးဝင်သည်ဟူသော သိမ်ငယ်စိတ်၏ ဒါဏ်ကြောင့် လောကကိုလည်းနှိမ့်ချမှုအပြည့်ဖြင့် ရင်ဆိုင်တတ်ခဲ့ပါပြီ.. မိမိလုပ်သမျှအမှားတွေသာဖြစ်လိမ့်မည်ဟူသောစိုးရိမ်စိတ်ကြောင့် ကြီးကြီးငယ်ငယ် လူတကာ၏ ဦးဆောင်မှုကို ခေါင်းငိုက်စိုက်ဖြင့်လိုက်နာတတ်နေပါပြီ..

အမယ်အိုသည် ရှိနေသည်။ ကျွန်ုပ်တို့၏ အမယ်အို သည် အဲဒီနေရာတွင်ရှိနေဆဲဖြစ်ပါသည်။

Read More...

Thursday, April 29, 2010

အချိန်


ကဲ .. သူငယ်ချင်းတို့ရေ.. ခေါင်းစားတယ်လည်းမထင်ပါနဲ့..ကိုမုတ်ဆိုး
်တစ်ယောက်ရူးသွားပြီလို့လည်းမထင်ပါနဲ့.. ကျွန်တော် ကိုမုတ်ဆိုးကတော့
မေးလိုက်ပြီဗျာ.. ဒီလောကကြီးမှာ အချိန်ဆိုတာရှိပါသလား တဲ့..
ဆွေးနွေးချက်လေးတွေအမြန်တင်ပေးကြပါ.. ခေါင်းစဉ်ကိုကြည့်ပြီး
ဦးဏှောက်ခြောက်မသွားခင် ကျွန်တော့်ကို အချိန်ဆိုတဲ့ အရာရှိကြောင်း
သက်သေပြဖို့ကြိုးစားပေးကြပါဦး.. ကျေးဇူးတင်ပါတယ်..အချိန်ဆိုတာဘာလဲတွေးနေရင်းနဲ့ အချိန်ပျောက်သွားလို့ဗျို့..

၁) ပြက္ခဒိန်က စာရွက်တွေ တစ်ရွက်ပြီး၊ တစ်ရွက်ကုန်သွားတာ အချိန်လား..
၂) နာရီလက်တံက တရွေ့ရွေ့သွားနေတာအချိန်လား..
၃) မွေး၊အို၊နာ၊ သေ ဆိုတဲ့ဖြစ်စဉ်ဟာ သဘာဝလား၊ အချိန်ကြောင့်လား..
၎) ရာသီတွေသူဟာသူပြောင်းလဲမှုတွေကို လူလောက က ပညတ်တင်ပြီး ရက်၊ လ နှစ်တွေနဲ့ပိုင်းခြားတာ အချိန်လား..
၅) ကာလသုံးပါး ဟာအချိန်လား၊ ဒါမှမဟုတ် ၀ိတက်၊ ၀ိစာရ (ကြံစည်၊ တွေးတောမှု)လား..
၆) ရေတွက်မှုတွေနဲ့အချိန်ရှိကြောင်း သက်သေပြလို့ရပါသလား..
၇) ဖြစ်တာရှိရင်ပျက်တာရှိမယ်၊ ပူပြီးအေးမယ်၊ စိုပြီးရင်ခြောက်မယ်၊ အဲလိုသွားနေတဲ့ကြားဖြစ်စဉ်ကို သညာ(အခေါ်အဝေါ်) လုပ်ဖိုအတွက်သာ လူတွေ က အချိန်ဆိုတဲ့ ဖြစ်စဉ်ရေတွက်မှုကို တီထွင်ခဲ့သလား..
၈) ရန်ကုန်ကနေ စင်ကာပူကို လေယာဉ်စီးတာ ၃ နာရီကြာတယ်ဆိုပါစို့.. အဲဒီသုံးနာရီဟာ (လူတွေထွင်ထားတဲ့) နာရီလက်တံသုံးပတ်ပြည့်ခြင်းသာဖြစ်ပြီး အဲဒါကိုပဲ အချိန်လို့ခေါ်သလား..
၉) မိုးလင်းကနေမိုးချုပ်ကြားကာလမှာ လုပ်စရာရှိတာကိုစနစ်တကျ လုပ်ဖိုအတွက် နာရီတွေကို အသုံးပြုတာဆိုရင် အချိန်ဆိုတာရှိပါ့မလား..

အားလည်းနာတယ်.. မှတ်ချက်ကလေးတွေကိုလည်းကြည့်ချင်တယ်.. ကျွန်တော့်ရေးထားတဲ့ အချက် (၁)ကနေ(၉) ကို သေသေချာချာသဘောပေါက်မှ မှတ်ချက်ရေးစေချင်ပါတယ်.

Read More...

Friday, April 16, 2010

မုတ်ဆိုးဘလော့ဂ်အား မုတ်ဆိုး မှတောင်းပန်ခြင်း

ခင်ဗျားကိုဆက်ပြီးမစောင့်ရှောက်၊ မမွေးမြူနိုင်ပဲ ပစ်ထားမိတဲ့တွက်တောင်းပန်ပါတယ်
ခင်ဗျားတင်လားဆိုတော့ မဟုတ်ပါဘူး.. ကျုပ်ရဲ့ကိုယ်ရေး၊ ကိုယ်တာတွေ အားလုံးကိုပါ ပစ်ထားခဲ့ရတာပါ..
မလာဖြစ်တဲ့ ကာလတွေမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်..
ဘယ်လောက်တောင်ပင်ပန်းသလဲဆိုတာတော့ ပြောမနေတော့ပါဘူး..
ဘာတွေလုပ်နေတာလဲ လို့တော့မမေးပါနဲ့တော့.. ကျွန်တော်မဖြေချင်ဘူး..ရှက်စရာကောင်းတဲ့ ကျုပ်မုတ်ဆိုးကြောင့် ခင်ဗျားမျက်နှာငယ်နေရပြီ.. အဲဒီအတွက်တောင်းပန်ပါတယ်..
ခင်ဗျားသာ အိမ်တစ်လုံးဆိုရင်တော့ ဖုန်အလိမ်းလိမ်း ကပ်ညိနေရောပေါ့.. ခင်ဗျားရဲ့ခြံဝန်းထဲမှာလည်း မြက်ပင်၊ ပေါင်းပင်တွေက ထိုးထိုးထောင်ထောင်နဲ့.. ကျုပ်အရင်တုန်းက လူသူမရှိတာကြာတဲ့ အိမ်တစ်အိမ်ကို ရောက်ဘူးတယ်ဗျ.. သူစိန်းဆန်လိုက်ပုံများတော့ ပြောမနေပါနဲ့တော့.. လူငွေ့နဲ့ဝေးနေတဲ့.. သစ်ပင်တွေ၊ အိမ်တံခါးရွက်တွေ၊ ထုတ်တန်းတွေကအစ ကျုပ်ကိုစိမ်းစိမ်းဝါးဝါးကြည့်နေလိုက်တာများ.. အသည်းငယ်သူသာဆို ဒူးတုန်လောက်ကဲ့.. လူသူကင်းဝေးတဲ့အိမ်၊ အထူးသဖြင့် စွန့်ပစ်ခြင်းကိုခံရတဲ့ အိမ်တွေဟာ ရိုင်းနေတတ်တယ်ဗျ.. အဲဒီ့ရိုင်းစိုင်းမှုက သွေးအေးလူသတ်သမားလိုပဲ.. စိန်ပြေနပြေနဲ့ကို ခင်ဗျားကိုတဖြေးဖြေးနှိပ်စက်တော့မှာ.. ဒါကြောင့်လည်း မုတ်ဆိုးဘလောဂ်ဒေါ့ကွန်း ရေ.. ကျုပ်ခင်ဗျားဆီကို ပြန်လာရမှာကြောက်နေတယ်ဗျာ.. လျှပ်တပြက်လေး လာလာချောင်းကြည့်တာကလွဲလို့ ကြာကြာနေရဲတဲ့အထိ သတ်တိ မွေးလို့မရဘူး.. နောက်ဆုံးမှာတော့ ခင်ဗျားကိုရင်ဆိုင်ဖို့ကျုပ်ဆုံးဖြတ်ခဲ့တယ်.. ခင်ဗျားမျက်နှာကို စေ့စေ့ကြည့်ဖို့ ကျုပ်အားမွေးတယ်.. အခုချိန်ရောက်မှတော့ ခင်ဗျားနဲ့ရင်ဆိုင်ဖို့ကျုပ်နောက်ဆုတ်လို့မရတော့ဘူး.. ခင်ဗျားခွင့်လွတ်ဖို့ ကျုပ်မုတ်ဆိုးက အနူးအညွတ်တောင်းပန်ပါတယ်.. ဖုန်အလိမ်းလိမ်းတက်နေတဲ့ ခင်ဗျားကို ကျုပ်သေသေချာချာသန့်စင်ပေးပါ့မယ်.. ခြံထဲကမြက်ပင်၊ ပေါင်းပင်တွေကိုလည်း ရိပ်သင်ဖြတ်ညှိပေးပါ့မယ်ဗျာ.. ကျုပ်တတ်နိုင်တာမှန်သမျှ အကုန်လုပ်ပေးပါ့မယ်.. ခင်ဗျားက ကျုပ်ဘ၀ဟောင်းလေးကို ပြန်ပေးယုံပါပဲ.. ကျုပ်ဘ၀ဟောင်းလေးကို လွမ်းလှပြီဗျာ.. တခါတလေမှ ရှားရှားပါးပါးလာတတ်တဲ့ ဧည့်သည်တွေကိုလည်း လွမ်းတယ်.. ကျုပ်ကိုခွင့်လွှတ်ပါ မုတ်ဆိုးဘလော့ဂ်ဒေါ့ကွန်း ရယ်.. ကျုပ်ပစ်ထားမိခဲ့ပါတယ်.. ကျုပ်အကြောက်ဆုံးနေရာကို ခင်ဗျားရဲ့သည်းခံမှုကိုရဖို့ အရဲစွန့်ပြီး လာခဲ့ရတာပါဗျာ.. နောက်မကျသေးပါဘူး.. ခင်ဗျားနဲ့ကျွန်တော် မိတ်ဆွေပြန် ဖြစ်နိုင်ပါသေးတယ်.. ထပ်ပြီးကြိုးစားကြည့်ရအောင်ဗျာ.. အခိုင်မြဲဆုံးမိတ်ဆွေတွေဖြစ်ဖို့ အခွင့်အရေးတွေကျန်ပါသေးတယ်ဗျာ.. နော..

Read More...